နေပြည်တော် မေ ၁၁
(၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၂၀ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Gymnasium တွင် Kurash အားကစားနည်း +၈၇ ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစဉ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာ အားကစားအဖွဲ့များက တက်ရောက်ကြည့်ရှု အားပေးကြသည်။
အဆိုပါပြိုင်ပွဲတွင် Kurash အားကစားနည်း +၈၇ ကီလိုတန်း အားကစားသမား မအေးအေးအောင် သည် မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ပွဲဦးထွက် အကြိုဗိုလ်လုပွဲတွင် မအေးအေးအောင်သည် ပြိုင်ဘက်အသင်းဖြစ်သော ထိုင်းအားကစားသမားကို လည်းကောင်း၊ ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်အားကစားသမားကို လည်းကောင်း အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ထို့နောက် ဗိုလ်လုပွဲတွင် ဖိလစ်ပိုင်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ မအေးအေးအောင်က ဖိလစ်ပိုင် အားကစားသမား TANGCONTIAN SYDNEY SY ကို အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှ ငွေတံဆိပ်နှင့် အိမ်ရှင် ဗီယက်နမ်နိုင်ငံမှ ကြေးတံဆိပ်များ ရရှိခဲ့ကြသည်။
ယနေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော Kurash အားကစားသမား မအေးအေးအောင်သည် ဂျူဒိုအားကစား နည်းဖြင့် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၄) ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုတစ်ကြိမ်၊ ၂၀၁၁ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပခဲ့သည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု တစ်ကြိမ်နှင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆုတစ်ကြိမ် စုစုပေါင်း ရွှေတံဆိပ်ဆု သုံးကြိမ်တိုင်တိုင် ဆွတ်ခူးရရှိထားသော အားကစားသမား တစ်ဦးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment