Tuesday, May 17, 2022

ရေကြောင်းသွားလာရေးလုပ်ငန်းများအတွက် အရေးပါသည့် ရေကြောင်းပညာရှင်များ မွေးထုတ်ပေးရာတွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ပညာရှင်များဖြစ်အောင် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ

 


နေပြည်တော် မေ ၁၆

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်းဒီပလိုမာသင်တန်း အမှတ်စဉ် (၁၃) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇နာရီခွဲတွင် ကမာရွတ်မြို့နယ် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်စစ်ရေး ပြကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

ဦးစွာ ပြည်ထောင်စုဝန်ကြီးကို ကျောင်းဆင်းတပ်ခွဲက အလေးပြုပြီး စစ်ကြောင်းပုံဖြင့်ချီတက် အလေးပြုကြ သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသော စံပြအရာရှိလောင်း (ရေကြောင်း) ဆုရ သုတစိုး၊ စံပြ အရာရှိလောင်း (အင်ဂျင်နီယာ) ဆုရ ဟန်မင်းလတ်၊ ကုန်သွယ်ရေကြောင်းအရာရှိလောင်း စာပေထူးချွန်ဆုရ အားမာန်ဦးနှင့် အင်ဂျင်နီယာ အရာရှိလောင်း စာပေထူးချွန်ဆုရ စွမ်းထက်အောင်တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

စဉ်ဆက်မပြတ် လေ့လာသင်ယူ

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ရေကြောင်းဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည့် ကုန်သွယ်ရေကြောင်း အရာရှိလောင်းများကို အားသစ်လောင်းကာ မွေးထုတ်ပေးနိုင်ခဲ့သည့်နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်သည် သက်တမ်းအားဖြင့် ရွှေရတုနှစ် (၅၀) ပြည့်ခဲ့ပြီး စတင်တည်ထောင်ချိန်မှ ရွှေရတုကာလအထိ နိုင်ငံတော်အတွက် လိုအပ်သောရေကြောင်းပညာ မျိုးဆက်သစ်များကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် သမိုင်းအစဉ်အလာ ကြီးမားခဲ့သော ရေကြောင်း ဘက်ဆိုင်ရာ ကောလိပ်ကျောင်းကြီးတစ်ကျောင်းဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် ကျောင်းဆင်း အရာရှိများသည် နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ကျရာတာဝန်များကို ထမ်းဆောင်လျက် ရှိကြပြီး ဝန်ကြီးဌာနတွင် ရှိသည့် ရေကြောင်းဘက်ဆိုင်ရာ ကဏ္ဍများကို တာဝန်ယူ ဆောင်ရွက်နေကြသော ဌာနများတွင်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ကျေပွန်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံကုန်သွယ် ရေကြောင်း ကောလိပ်အနေဖြင့် သင်တန်းဆင်း အရာရှိလောင်းများ၏ အလုပ်အကိုင် အခွင့်အလမ်းအတွက် နိုင်ငံခြား သင်္ဘောကုမ္ပဏီများနှင့် သဘောတူ စာချုပ်များချုပ်ဆိုပြီး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကျောင်းဆင်းအရာရှိလောင်းများ အားလုံးရာနှုန်းပြည့် အလုပ်အကိုင်ရရှိလျက် ရှိပါကြောင်း၊ ရေ‌ကြောင်း ကုန်သွယ်ရေးကဏ္ဍသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအထောက်အကူပြုသည့် ကဏ္ဍဖြစ်ကြောင်း၊ ရေကြောင်းသွားလာရေးလုပ်ငန်းများ အတွက် အရေးပါသည့် ရေကြောင်းပညာရှင်များ မွေးထုတ်ပေးရာတွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ပညာရှင်များဖြစ်အောင် လေ့ကျင့်မွေးထုတ် ပေးလျက်ရှိကြောင်း၊ ကျောင်းဆင်း အရာရှိလောင်းများအနေဖြင့် ကုန်သွယ်ရေယာဉ်များပေါ်တွင် တာဝန် ထမ်းဆောင်ရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာ၊ မိခင်ကျောင်းတော်ကြီး၏ ဂုဏ်သတင်းများ အစဉ်ကောင်းမွန်အောင် ဆောင်ရွက်ကြရန် အလေးထား တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံတော်၏ ကျေးဇူး သစ္စာကို စောင့်သိရိုသေကြရန်၊ အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် နိုင်ငံသားကောင်းမျိုးဆက်သစ် ရေကြောင်းလူငယ်များဖြစ်အောင် ကြိုးစားကြရန်၊ မိမိနှင့် သက်ဆိုင်သည့် ပညာရပ်များကိုလည်း ခေတ်နှင့်အညီ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရန်၊ ရေကြောင်းပညာဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

လေ့ကျင့်ပျိုးထောင်မွေးထုတ်

မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်ကို ၁၉၆၃ ခုနှစ်တွင် ဆိပ်ကြီး၊ သန်လျင်ရေတပ်လေ့ကျင့်ရေး ကျောင်း၌ ပထမဦးဆုံး စတင်ဖွင့်လှစ်ခဲ့ပြီး စတင်တည်ထောင်ချိန်မှ ယနေ့အထိ ရေကြောင်းပညာ အရာရှိလောင်း ၂၇၃၄ ဦးနှင့် ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း ၂၇၇၉ ဦး စုစုပေါင်းအရာရှိလောင်း ၅၅၁၃ ဦးကို လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ ရောက်ရှိရာ ရှင်းလင်းဆောင် တွင် ဦးဆောင်ညွှန်ကြားရေးမှူးက မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ ရေယာဉ်တည်ဆောက်ပြုပြင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တန်ချိန် ၁၂၀၀၀ ရေလုံသင်္ဘောကျင်းတွင် ရေယာဉ်လွန်းတင် ပြင်ဆင်နေမှု၊ လွန်းကျင်းအခြေအနေနှင့် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းဝင်းအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ရထားစက်ခေါင်းများ ပြင်ဆင်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ စက်ရုံရှိ အလုပ်ရုံများအလိုက် ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရေး စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားပြီး စက်ခေါင်းစက်ရုံ (အင်းစိန်) ၏ စက်ရုံတွင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ဖြည့်ဆည်းဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းစိန်မီးရထားဆေးရုံသို့ ရောက်ရှိကာ ဆေးရုံ ဧည့်ခန်းမတွင် ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ဆေးရုံအဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့ပတ်ဒီဇယ်စက်ခေါင်းစက်ရုံ(အင်းစိန်) သို့ ရောက်ရှိပြီး စက်ရုံဝင်းအတွင်းရှိ ဂျပန်နိုင်ငံမှ ရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်းသစ်များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တွဲဆိုင်းပါ စက်ခေါင်း၊ တွဲအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တွဲဆိုင်းပါ စက်ခေါင်းနှင့်တွဲများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည် များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment