Thursday, May 5, 2022

ရန်ကုန်မြို့​ သောက်သုံးရေ​၊ စိုက်ပျိုး​ရေ​ပေး​ဝေမှု ဖွံ့ဖြိုးတိုးတက်​လျက်ရှိ

 


နေပြည်တော် မေ ၄

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း ပင်မအုပ်ချုပ်မှု အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုက်ကြီး မြို့နယ်ရှိ အဆိုပါသင်တန်းကျောင်း အဆောက်အအုံ၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ ယခင် ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာန အငြိမ်းစားဝန်ထမ်းကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာတွင် ကက်ဒက်စတာ မြေတိုင်းတာခြင်း (Cadastral Surveying)၊ မြေယာအုပ်ချုပ်စီမံခြင်း (Land Administration)၊ မြေယာသတင်းအချက် အလက်စနစ် (Land Information System) နှင့် ပတ်သက်သည့် နည်းပညာများ၊ အတတ်ပညာများ၊ နည်းစနစ်များ၊ ပစ္စည်း ကိရိယာများ အလျင်အမြန်တိုးတက်လျက်ရှိသည်နှင့်အညီ မိမိတို့နိုင်ငံတွင်လည်း တည်ဆဲဥပဒေများနှင့် ညီညွတ်စေပြီး ခေတ်မီတိုးတက်မှုရှိသော မြေစာရင်းဖွံ့ဖြိုးမှုဆိုင်ရာ သင်ကြားမှုလုပ်ငန်းများ အဆင့်မြှင့်တင်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ မြေယာ အုပ်ချုပ်စီမံမှုဆိုင်ရာ သက်မွေးပညာသင်တန်းများနှင့် နည်းပညာရပ်ဆိုင်ရာ ဘွဲ့သင်တန်းများ တိုးချဲ့ဖွင့်ပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းကိန်းဂဏန်း အချက်အလက်များ မှန်ကန်စွာထုတ်ပြန်တင်ပြနိုင်မှသာ နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒနှင့် ဆုံးဖြတ်ချက်များချမှတ်ရေး၊ စီးပွားရေးတိုးတက်နှုန်း GDP မှန်ကန်စွာ တွက်ချက်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ရာ အလွန်အရေးကြီးသည့် တာဝန်တစ်ခုဖြစ်သည့်အတွက် အဆင့်အတန်းမီ စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများစဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးကို ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေး ရေးသင်တန်းကျောင်းနှင့် တာဝန်ရှိသူအားလုံးတို့က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပါကြောင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း ပင်မအုပ်ချုပ်မှုအဆောက်အအုံ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး(အပေါ်ပုံ) ကမ္ပည်းမော်ကွန်း ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

အခမ်းအနား ဒုတိယပိုင်းဖြစ်သော ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း ပင်မအုပ်ချုပ်မှုအဆောင် (ဌာနချုပ်ရုံး) ဖွင့်ပွဲအခမ်းအနားတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းကျောင်းအုပ်ကြီးတို့က သင်တန်းကျောင်းဆိုင်ရာများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် မှော်ဘီမြို့နယ် မြို့ချောင်းကျေးရွာအနီးရှိ ကန်ကလေး လျှပ်စစ်မြစ်ရေတင် လုပ်ငန်းခွင်သို့ရောက်ရှိကြပြီး ရန်ကုန်မြို့​ရေ​ပေး​ဝေ​ရေးနှင့် စိုက်ပျိုး​ရေ​ပေး​ဝေမှု ဖွံ့ဖြိုးတိုးတက်​စေ​ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီး က ရန်ကုန်မြို့​ရေ​ပေး​ဝေ​ရေးအတွက် နေ့စဉ် ရေဂါလန် ခြောက်သန်း ပို့လွှတ်ပေးနိုင်ရေး၊ ရေသောက်ဧရိယာကို မူလ ၅၀၀ ကျော်မှ ဧက ၃၀၀၀ ခန့်အထိ စိုက်ပျိုးရေတိုးတက်ပေး​ဝေနိုင်ရေး၊ ​မှော်ဘီမြို့ မြန်မာ့ဆန်စပါး သုတေသနဌာနနှင့် လှပဒါးစိုက်ကွင်းများသို့ ​စိုက်ပျိုးရေ ဖြည့်ဆည်းပြီး သီးထပ်နှစ်သီး အပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် ရေသွင်း၊ ရေထုတ် မြောင်းများ ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှော်ကား ရေလှောင်ကန်သို့ ရေကူဖြည့်သွင်းပေးနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မှော်ဘီမြို့ မြန်မာ့ဆန်စပါး သုတေသနဌာနနှင့် လှပဒါးစိုက်ကွင်းများ သို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မျိုးထိန်း၊ မျိုးပွား လုပ်ငန်းများ၊ တောင်သူအကျိုးရှိစေမည့် လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန နှင့်ပူးပေါင်း၍ ရေအသုံးချမှုသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ ဓာတ်မြေဩဇာများကို ဒေသအလိုက် သီးနှံအလိုက်အကျိုးအရှိဆုံး အသုံးပြုနိုင်မည့် သုတေသနလုပ်ငန်းများ၊ နည်းပညာနှင့် သွင်းစုအပြည့်အဝအသုံးပြုသည့် သီးနှံအထွက်နှုန်းနှင့် တောင်သူ လက်တွေ့စိုက်အထွက်နှုန်း နှိုင်းယှဉ်သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment