နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် လူမှုရေးဦးတည်ချက် တစ်ရပ်ကိုလည်း ထည့်သွင်းချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည် မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိစေရေးကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။
မျိုးဆက်သစ်လူငယ်များ၏ ပညာရေးကို ရှေးရှု၍ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်း များကို ၁-၁၁-၂၀၂၁ ရက်နေ့တွင် လည်းကောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ်/ ကောလိပ်များကို ၁၂-၅-၂၀၂၂ ရက်နေ့တွင် လည်းကောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာသင်ကျောင်းများကို ၂-၆-၂၀၂၂ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။
အနာဂတ်၏ခေါင်းဆောင်များ ဖြစ်လာကြမည့် မျိုးဆက်သစ် လူငယ်များ၏ ပညာရည် မြင့်မားရေးကို ဆောင်ရွက်ရာတွင် အခြေခံပညာရေးသည် များစွာအဓိကကျပါသည်။ အခြေခံပညာ သင်ကြားကြမည့် ကျောင်းသားလူငယ်များ ပညာရည်နို့ကို အပြည့်အဝ သောက်စို့နိုင်ရန်နှင့် အရည်အသွေးပြည့်ဝပြီး ဆရာ၊ တပည့် အချိုးမျှတသည့် သင်ကြားမှုစနစ် ဖြစ်စေရန်အတွက် အတွေ့အကြုံရှိ ဆရာ/ဆရာမများလိုအပ်ပါသည်။ ခြိမ်းခြောက်အကျပ်ကိုင် ခံရမှုကြောင့် လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒ ပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့် လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့ကြသော ပညာရေးဝန်ထမ်း ဆရာ/ဆရာမ များ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာဆရာမများအနေဖြင့် နိုင်ငံသား မျိုးဆက်သစ် လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ ဟူသော နာသုံးနာကို ရှေးရှု၍ သင်ကြားရေးတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏ သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံးတာဝန် ထမ်းဆောင် ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာ မြို့နယ်ပညာရေးမှူးရုံး သို့ဖြစ်စေ သတ်မှတ်ပုံစံများဖြည့်စွက်ရန်နှင့် အယူခံလွှာတင်သွင်းရန်တို့ အတွက် ၃၁ - ၅ - ၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် ဖြစ်ပါသည်။
တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအနက် တာဝန်ထမ်းဆောင်ရန် အကြောင်းအမျိုးမျိုး ကြောင့် ခွင့်မဲ့ပျက်ကွက်နေသောဝန်ထမ်းများ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးဆဲ ဝန်ထမ်းများနှင့် အယူခံ တင်သွင်းသည့် ဝန်ထမ်းများအား တာဝန်ပျက်ကွက်ခဲ့သည့် ကာလများကို လစာမဲ့ခွင့်အဖြစ်သတ်မှတ်၍ ကြီးလေးသော ရာဇဝတ်မှုကျူးလွန်ထားသူများမှအပ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့
No comments:
Post a Comment