နေပြည်တော် မေ ၁၆
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ မကွေးမြို့မြသလွန်စေတီတော်တွင် ဖွင့်လှစ်ထားရှိမည့် သတင်းပြန်ကြားရေးကောင်တာ ဖွင့်လှစ်ပွဲသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မှန်ကန်သော သတင်းအချက်အလက်များကို ပေးအပ်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းစနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သတင်းပြန်ကြားရေး ကောင်တာများကို ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ သတင်းအချက်အလက်များကို ဖြန့်ချိရာ၌ ခရီးသွားမြှင့်တင်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးရန်ဖြစ်သကဲ့သို့ ကွန်ပြူတာဖြင့် အချက်အလက်များကို စုစည်း သိမ်းဆည်းကာ ဖြန့်ဝေပေးရန် လိုအပ်ပါကြောင်း၊ သတင်းပြန်ကြားရေးကောင်တာများတွင် တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများသည် ခရီးစဉ်ဒေသများ၏ ဒေသန္တရ ဗဟုသုတများ ကြွယ်ဝရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မကွေးမြို့ ကောင်းကောင်းဟိုတယ်မှ ဒေါက်တာအေးအေးမော် က မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများအတွက် Wheel Chair များကို ပေးအပ် လှူဒါန်းရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးက လက်ခံရယူကာ မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ သတင်းပြန်ကြားရေး ကောင်တာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးလေဆိပ်သို့ ရောက်ရှိပြီး မကွေးလေဆိပ် အတွင်း ပြည်တွင်း၊ ပြည်ပဧည့်သည်များ လာရောက်ရာတွင် သတင်းအချက်အလက်များ ပေးနိုင်ရေးအတွက် မကွေး လေဆိပ်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော သတင်းပြန်ကြားရေးကောင်တာကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ ရောက်ရှိကာ ကားဝင်း အတွင်းတွင် ခရီးသွားဧည့်သည်များအတွက် သတင်းပြန်ကြားရေးကောင်တာ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အစည်းအဝေးခန်းမ၌ မကွေးတိုင်း ဒေသကြီး စီးပွားရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားအဆင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိအမှတ်ပြုလက်မှတ်ရ ဟိုတယ် (၃) လုံးကို အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန သင်တန်း ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မသန်စွမ်းသူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေး ကျွမ်းကျင်မှု ဆိုင်ရာ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသားများအတွက် ထောက်ပံ့ကြေးများ ပေးအပ်လှူဒါန်းသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုဂံညောင်ဦးမြို့ နန်းမြင့်မျှော်စင် ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြည်တွင်းပြည်ပခရီးသွားများအား ဝန်ဆောင်မှုပေးနိုင် ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Heritage Bagan Hotel ၌ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွား အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဟိုတယ်အတွင်း လှည့်လည် ကြည့်ရှုကာ ပြည်တွင်း ပြည်ပဧည့်သည်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ကျန်းမာ ဘေးကင်းစွာဖြင့် ဝန်ဆောင်မှုပေးအပ်နိုင်ရေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သီရိပစ္စယာ ဆာကူရာဟိုတယ်၌ ပြည်တွင်း ခရီးသွားများအား လိုက်လံရှင်းလင်းပြသသူများသို့ အသိပညာပေးပွဲ တက်ရောက်ခဲ့ကြသူများနှင့် တွေ့ဆုံပြီး Royal Palace ဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်အိပ်ခန်းများနှင့် ပြင်ဆင်ထားရှိ မှုများကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment