ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်ဝတ္တုကံတော်အတွင်း တည်ထားပူဇော်မည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် ကျောက်စာတော်များ စတင်ရေးထိုးပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ကြပြီး သီတဂူဆရာတော်ကြီးထံမှ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာဓမ္မကထာကို နာယူ ကြည်ညိုပူဇော်ကြသည်။
ယင်းနောက် ဆရာတော်ကြီးများက အနေကဇာတိသံသာရံ အစချီဥဒါန်းဂါထာ၊ ပဋိစ္စသမုပ္ပါဒ် အနုလုံပဋိလုံပါဠိ၊ ယဒါဟဝေသုံးဂါထာ၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိနှင့် ဇယမင်္ဂလာဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရတနတ္တယပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာသုံးကြိမ်ရွတ်ဆိုပွားများ ပူဇော်ကြသည်။
ယင်းနောက် ဗန်းမော်ဆရာတော်ကြီးနှင့် သီတဂူဆရာတော်ကြီးတို့က ပိဋကတ်ကျောက်စာတော် ရေးထိုးပူဇော်မည့် မင်္ဂလာစက်ယန္တရားများ၏ မင်္ဂလာလိုက်ကာများကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးတော်မူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်ယန္တရားများကို မင်္ဂလာစက်ခလုတ်နှိပ်၍ ပိဋကတ်ကျောက်စာတော် စတင်ရေးထိုးပူဇော်ပြီး ပရိတ်နံ့သာရည်များပက်ဖျန်းသည်။
ယင်းနောက် ဆရာတော်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကျောက်စာတော်များကို ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ရေးထိုးနေမှုများအား ကြည့်ရှုကြပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗန်းမော်ဆရာတော်ကြီးနှင့် သီတဂူဆရာတော်ကြီးတို့အား မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း ၁၊ အပိုင်း ၂၊ အပိုင်း ၃ နှင့် အပိုင်း ၄ တို့ ထုဆစ်ပြီးစီးမှုနှင့် ဗုဒ္ဓဥယျာဉ် တည်ဆောက်ပြီးစီးမှု အခြေအနေများကိုပြသ ရှင်းလင်းလျှောက်ထားပြီး ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူသည်။
ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးသည်။
အဆိုပါ ကျောက်စာရုံစေတီများတည်ထားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူထားပြီး ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဖြစ်သည့်အပြင် ၂၀၁၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်ခဲ့သည့် မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမိုင်းမော်ကွန်းကျောက်စာထားရှိမည့် အလယ်ဗဟို ကျောက်စာရုံစေတီသည် အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၂၇ ပေရှိမည်ဖြစ်ပြီး အခြား ကျောက်စာရုံစေတီများအနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေ ရှိမည်ဖြစ်ကာ ကျောက်စာချပ်အနေဖြင့် အလျား ၄၅ လက်မ၊ အမြင့် ၆ ပေ ၃ လက်မ၊ ထု ၇ ဒသမ ၂ လက်မရှိမည်ဖြစ်ကြောင်း၊ ယခုပိဋကတ်ကျမ်းစာတော်များကို ရေးထိုး ပူဇော်ပြီးပါကလည်း ကျောက်စာချပ်များသည် ဗုဒ္ဓမြတ်စွာ၏ မုခပါဌ်တော်များကို ရေးထိုးပူဇော်ထားခြင်းဖြစ်သည့်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိမည်ဖြစ်၍ ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ရာတွင် ကျောက်စာရုံစေတီများအတွင်းရှိ ဘုရားဟောဒေသနာတော်များကို ပြည့်စုံစွာကြည်ညိုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ရေးထိုးပူဇော်နိုင်ရေး ဆောင်ရွက်ရာတွင် ကျမ်းစာတော်များကို စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment