နေပြည်တော် မေ ၂၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေများ ရာနှုန်းပြည့် စိုက်ပျိုး နိုင်ရေး၊ သီးထပ်သီးညှပ်များ စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေး တို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက အလေးထား ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရှေ့ဆက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ များက စိုက်ပျိုးရေး လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ဆည်မြောင်း ရေပေးဝေရေးလုပ်ငန်းများနှင့် ကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ဆွေးနွေးချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment