Friday, May 6, 2022

ဟိုပန်၌ လူငယ်ဘဝပြုစုပျိုးထောင်ရေးအသင်းနှင့် အဆောက်အဦသစ်ဖွင့်ပွဲပြုလုပ်

 


ဟိုပန် မေ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်အတွင်း မူးယစ်ဆေးဝါးဖြတ်မည့်သူများအား ကူညီဆောင်ရွက် နိုင်ရန်အတွက် တည်ထောင်ထားသည့် လူငယ်ဘဝပြုစုပျိုးထောင်ရေးအသင်းနှင့် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဟိုပန်မြို့နယ်၊ ဖာလင်ကျေးရွာအုပ်စု၊ နမ့်ကမ်းလုံ“ဝ” ရွာဟောင်းတွင် ပြုလုပ်ခဲ့ပါသည်။

 






ရှေးဦးစွာ အဆောက်အဦသစ်ကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားဒုတိယပိုင်းအစီအစဉ်အရ လူငယ်ဘဝပြုစုပျိုးထောင်ရေးအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းခိုင်က အသင်းဖွဲ့စည်းထားရှိမှုအခြေအနေ၊ ရည်ရွယ်ချက်၊ လုပ်ငန်းများဆောင် ရွက်မှုအ‌ခြေအနေ၊ ဟိုပန်မြို့နယ်တွင် အသင်းစတင်ဖွဲ့စည်းခြင်းနှင့် အဆောက်အဦဆောက် လုပ်မှုအခြေအနေများကို Projector ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မူးယစ်ဆေးဝါးကျေးကျွန်ဘဝမှ ပြန်လည်လွတ်မြောက်လာသူများက စိတ်ဓာတ်ခွန်အားဖြည့် သီချင်း(၁)ပုဒ်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

ထို့နောက်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်က အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ လူငယ်ဘဝပြုစုပျိုးထောင်ရေးအသင်းအား ဟိုပန်မြို့တွင် လာ‌ရောက်ဖွင့်လှစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြေနေရာကိုလည်း အခြားနည်းဖြင့် အသုံးပြုခွင့်ရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လျှပ်စစ်မီးအတွက်လည်း တင်ပြပေးထားပါ ကြောင်း၊ နောင်တွင်လည်း ဆက်လက်ကူညီဆောင်ရွက်ပေးမည့်အခြေအနေများကို ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူက မူးယစ်ဆေးဝါးများနှင့်ဆိုးကျိုးအန္တရာယ်များအကြောင်းကို လည်းကောင်း၊ ကိုးကန့်ပရဟိတပူးပေါင်းအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် လူငယ်ဘဝပြုစုပျိုးထောင်ရေးအသင်း ဒုဥက္ကဋ္ဌဦးလူရှောက်ယုံတို့က လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ကြသည်။

ယင်းနောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် ကိုးကန့်ပရဟိတပူးပေါင်းအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင် တို့က အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ လူငယ်ဘဝပြုစုပျိုးထောင်ရေးအသင်း၏ မူးယစ်ဆေးဝါးဖြတ်မည့်သူများ ထားရှိမည့် အဆောက်အဦ များကို အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ငွေကျပ်သိန်း (၄၂၀၀) အကုန်ကျခံဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဇွန်လတွင် စတင်လက်ခံဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း  အသင်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment