ရန်ကုန် မေ ၁၄
ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ဘုရားစေတီများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့မြင်ရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တို့ပူးပေါင်းကျင်းပသည့် ၃၉ ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၅) နာရီမှ စတင်၍ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာ အသီးသီး၌ ကျင်းပသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဂေါပကအဖွဲ့ဝင်များသည် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဩ ဝါဒါစရိယ ဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်၊၊
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီး၊ ဂေါပကအဖွဲ့ဝင်များနှင့်
ဘာသာရေးဝတ်အသင်းအဖွဲ့များသည် (၃၉)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ ကျင်းပရန်
စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ရွှေတိဂုံစေတီတော်မြတ်ကြီးအား
လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး အခမ်းအနားကျင်းပမည့် မဟာဗောဓိညောင်ပင်နေရာ၌ နေရာယူကြသည်၊၊
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဩဝါဒါစရိယ ဆရာတော်ကြီးများက ပရိဘောဂစေတီ(မဟာဗောဓိညောင်ပင်)အား ဗုဒ္ဓါဘိသေက မင်္ဂလာ အနေကဇာ တင်လှူပူဇော်ကြသည်၊၊
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိက ဗောဒိရုက္ခဥဒကပူဇာ မင်္ဂလာကို လျှောက်ထားသည်၊၊
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် မဟာဝိသုဒ္ဓါရုံတိုက်သစ် ဦးစီးပဓာနနာယက တိပိဋကဓရ၊ တိပိဋက ဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီရိန္ဒာဘိဝံသ ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့်ဇနီး၊ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြသည်၊၊
ထို့နောက် တိုင်းဒေကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်၊၊
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ
ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ တိပိဋကဓရ ပါဠိပါရဂူ ဘဒ္ဒန္တနာဂိတထံမှ
အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေကြသည်၊၊
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများ ကဗောဓိညောင်ပင်အား ညောင်ရေ သွန်းလောင်းပူဇော်ကြသည်၊၊
ယနေ့တွင် စေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာ ပြည်သူများအား အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းကြသည်၊၊
အလားတူ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်၊ ဆံတော်ရှင် ဆူးလေစေတီတော်ဂေါပကအဖွဲ့များက ကြီးမှူးကျင်းပသည့် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲအခမ်းအနားများကို သက်ဆိုင်ရာစေတီတော်များ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက မဟာဗောဓိညောင်ပင်များ၌ ညောင်ရေသွန်းလောင်း ပူဇော်ကြသည်၊၊
ထို့ပြင် ဆဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်တို့၌လည်း သက်ဆိုင်ရာစေတီတော်ဂေါပကအဖွဲ့များက ကြီးမှူး၍ ညောင်ရေသွန်းလောင်းပူဇော်ပွဲများ ကျင်းပကြကြောင်း သိရသည်။
(သတင်းစဉ်)





No comments:
Post a Comment