နေပြည်တော် ဧပြီ ၆
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်မျိုးဆက်သစ် ပညာတတ်လူငယ်များ မွေးထုတ်ရေးသည် လည်း အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဒီမိုကရေစီ နိုင်ငံတော်ကို ပညာရေးဖြင့် မြှင့်တင်တည်ဆောက်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့် လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တပိတ်ထားရသည့် အခြေခံ ပညာကျောင်းများကို ကျောင်းသား၊ ကျောင်းသူများ ၏ စာသင်နှစ်နစ်နာမှုမရှိစေရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပြီး လက်ရှိ တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုကဲ့သို့ အနာဂတ်လူငယ်များ၏ ပညာသင်ကြားမှုကို အဟန့်အတားဖြစ်စေရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက်သတ် ဖြတ်ခြင်း၊ ပညာရေးအဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲ အဖြေလွှာများအား ဖျက်ဆီးခြင်းစသည့် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကို မြို့နယ်အချို့၌ လုပ်ဆောင် လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧပြီလ ၅ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ၊ အမှတ်(၈)ရပ်ကွက်ရှိ အုန်းနှဲအခြေခံ ပညာအထက်တန်းကျောင်းရှေ့၌ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီးရောက်ရှိနေသူ သံဒင်းကျေးရွာနေ ဦးဇော်မင်းထိုက် (၃၄)နှစ် (ဘ)ဦးမြင့်သိန်းတွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး အုန်းနှဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအနီး၌ မသင်္ကာ အထုပ်များအား တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ကျောင်းဝင်ပေါက် လမ်းဘေး ဗန်ဒါပင်အနီးမှ မသင်္ကာဖွယ် အထုပ် ၂ ထုပ်နှင့် လမ်းတစ်ဘက်ခြမ်းမှ မသင်္ကာဖွယ်အထုပ် ၁ ထုပ်တို့ကို တွေ့ရှိရပြီး အထုပ်များအတွင်းမှ လက်လုပ်မိုင်း ၃ လုံးအားတွေ့ရှိခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူ အန္တရာယ်က ကင်းဝေးစေရန်အတွက် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပညာ သင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည်ကို ဟန့်တားနှောင့်ယှက်၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment