Sunday, April 10, 2022

“အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရရှိသည့် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုမန၏ ဂုဏ်ပြု ပူဇော်ပွဲသို့ နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်နှင့်အဖွဲ့ တက်ရောက်


ဝါးခယ်မ ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ စက်ရုံဓမ္မရိပ်သာကျောင်းတိုက် တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်သော “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရရှိသည့်၊ ပဓာန နာယကဆရာတော် ဘဒ္ဒန္တသုမန၏ ဂုဏ်ပြုပူဇော်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် အဆိုပါ ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဂုဏ်ပြုပူဇော်ပွဲတွင် နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်း/ခရိုင် မြို့နယ်မှ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကာ ဧည့်ပရိသတ်များက နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး အဆိုတော် စိုးစန္ဒာထွန်းက ရတုပိုဒ်စုံဖြင့် သီဆိုပူဇော်ခဲ့ကြောင်း၊ ဆက်လက်ပြီး ဧည့်ပရိသတ်များက ဆရာတော် ဘဒ္ဒန္တသုမန ထံမှ (၅)ပါးသီလခံယူကြပြီး၊ တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သောဘိတထံမှ ဩဝါဒခံယူခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်က သာသနာရေးဆိုင်ရာများ လျှောက်ထား၍ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်အား ထပ်ဆင့်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆရာတော် ဘဒ္ဒန္တသောဘိတနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဧည့်ပရိသတ်များက မော်လမြိုင်ကျွန်း မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဇောတိကထံမှ ရေစက်ချတရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment