Monday, April 11, 2022

ပဲခူးမြို့၌ ၂၀၂၂ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပဲခူး ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်၍ ပဲခူးမြို့၌ ၂၀၂၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန် အပါအဝင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်တွင် ဗဟိုမဏ္ဍပ်၌ ဖွင့်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သင်္ကြန်ယိမ်းအကများဖြင့် ကပြဖျော်ဖြေကြမည် ဖြစ်သည့် အပြင် သင်္ကြန်အကြို၊ အကျ၊ အကြတ်နှင့် အတက်နေ့များတွင် တိုင်းဒေသကြီးအတွင်းရှိ သင်္ကြန်ယိမ်း အကဖွဲ့ ၂၅ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေ ကပြကြမည်ဖြစ်ပြီး ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့တွင် ပိတ်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်သည်။

ယှဉ်ပြိုင်ဖျော်ဖြေကပြကြမည့် ယိမ်းအဖွဲ့များမှ ဆုရရှိသော ယိမ်းအဖွဲ့များကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုအပြင် နှစ်သိမ့်ဆု ငါးဆုကိုလည်း ထိုက်တန်စွာ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ၁၃၈၄ ခု (မြန်မာနှစ်ဆန်း ၁ ရက်) ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် ညပိုင်း၌ နှစ်သစ်ကူးဓမ္မသဘင်ကို ကျင်းပသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်၌ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပရေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment