Saturday, April 16, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုအားပေး

 


နေပြည်တော် ဧပြီ ၁၆

မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ


တို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းကျောင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၏ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော် ဆင်နွှဲနေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင် များသည် နံနက်ပိုင်းတွင် တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်း မိသားစု အတာရေ သဘင်မဏ္ဍပ်သို့ ရောက်ရှိကြရာ သင်တန်းသားများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများဖြင့် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည် မိသားစုများအား အတာရေများ ပက်ဖျန်းပေးသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် စစ်တက္ကသိုလ်မိသားစုအတာရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြရာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ဗိုလ်လောင်းများ၏ တေးသီချင်းများ သီဆိုဖျော်ဖြေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ ဗိုလ်လောင်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေး ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် ဗိုလ်လောင်းများနှင့် စစ်တက္ကသိုလ်မှ အရာရှိကြီးများအား အတာရေများ ပက်ဖျန်းပေးကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် မိသားစုရေသဘင်မဏ္ဍပ်များ၌ သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အတာရေသဘင်ပွဲတော်ကို အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment