မော်လမြိုင် ဧပြီ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်စေရန် အခြေခံအားဖြင့် မဲပေးမည့်စာရင်းဇယားများ တိကျမှန်ကန်ပြီး ဆန္ဒမဲပေးပိုင်ခွင့် တစ်ဦးချင်းစီတိုင်း နိုင်ငံသားစီစစ်ရေးကတ် ရှိ ၊ မရှိ လဝက ပုံစံ ၆၆/ ၆ စိစစ် ဆောင်ရွက်နိုင်ရေး ရွေးကောက်ပွဲ အတွက် မဲစာရင်းပြုစုရေးဆိုင်ရာများကို ပြုစုဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းဆိုင်ရာ ဆောင်ရွက်မှု အခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က အခြေခံမဲစာရင်းပြုစုခြင်းကို ၂၀၂၂ ခုနှစ် ဧပြီလအတွင်းအပြီး ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။ မွန်ပြည်နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ၊ မော်လမြိုင်မြို့နယ်တွင် မဲပေးမည့် စာရင်းဇယား တိကျမှန်ကန်စေရေး ဌာနဆိုင်ရာအဖွဲ့ (၁၄) ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြား မြို့နယ် များတွင်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်

No comments:
Post a Comment