Saturday, April 23, 2022

ဆီးဂိမ်းစ်ပြိုင်ပွဲအကြို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တောင်ကိုရီးယားနိုင်ငံ၌ ခြေစမ်းပွဲများ သွားရောက်ကစားမည်

 


ရန်ကုန် ဧပြီ ၂၂

(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် တောင်ကိုရီးယားနိုင်ငံ၌   သွားရောက်လေ့ကျင့်ကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် တောင်ကိုရီးယားနိုင်ငံသို့ ဧပြီ ၂၄ ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး မေလပထမပတ်အထိ လေ့ကျင့်မှုပြုလုပ်ကာ ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် တောင်ကိုရီးယား လူငယ်လက်ရွေးစင် အသင်းအပါအဝင် အမျိုးသမီးကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာမှ စတင်ကာ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်  အောက်တိုဘာတွင် အာရှဖလားခြေစစ်ပွဲ၊ ၂၀၂၂ ခုနှစ်   ဇန်နဝါရီတွင် အာရှဖလားပြိုင်ပွဲ နောက်ဆုံး အဆင့်တို့ ယှဉ်ပြိုင်ခဲ့ကာ ယင်းပြိုင်ပွဲများမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ကစားရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အဆင်မပြေခဲ့ဘဲ ဆီးဂိမ်း ပြိုင်ပွဲမတိုင်မီမှသာ ကစားခွင့်ရရှိခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်  တောင်ကိုရီးယားခရီးစဉ်သို့ ကစားသမား ၂၂ ဦးသာ ခေါ်ဆောင် သွားမည်ဖြစ်သည်။

ယင်းကစားသမားများအနက် အိန္ဒိယကလပ် ဂိုကူလမ်အသင်းတွင် သွားရောက်ကစားနေသည့်    တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းမှာ တောင်ကိုရီးယားခရီးစဉ်တွင် အသင်းနှင့် ပူးပေါင်းနိုင်ဦးမည်မဟုတ်ဘဲ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိမှသာ လာရောက်ပူးပေါင်းနိုင်မည်ဖြစ်သည်။  မြန်မာ့ လက်ရွေးစင်အမျိုးသမီးအသင်းသည် မေလ ပထမပတ်အထိ တောင်ကို ရီးယားနိုင်ငံ၌    လေ့ကျင့်မည်ဖြစ်ပြီး ဆီးဂိမ်း ပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ တိုက်ရိုက်သွားရောက်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ်   ဦးတင်မြင့်အောင်ကကိုင်တွယ်နေပြီး လက်ရှိရွေးချယ်ထားသည့် လူစာရင်းတွင် စီနီယာကစားသမားများနှင့် လူငယ်ကစားသမားများ ပါဝင်လာသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် ထိုင်း၊  စင်ကာပူ၊  လာအိုအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။                  

ရဲရင့်လွင်

 

No comments:

Post a Comment