နေပြည်တော် ဧပြီ ၂၄
တပ်မတော်ဆေးတက္ကသိုလ်၏ (၁၁)ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်မင်းဦး၊ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်း၊ တပ်မတော် ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့အပ်နှင်းခံရမည့် အရာရှိကြီးများ၊ အရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့်
ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက်
မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော်သီချင်း တီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို
ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား
ကတိသစ္စာခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို
အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က ပါရဂူဘွဲ့ ၄၇ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၃၇
ဦး၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၄ ဦး စုစုပေါင်း ၁၀၈ ဦး တို့အား ဘွဲ့လက်မှတ်များ
ချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ပါမောက္ခချုပ်က အွန်လိုင်းစနစ်ဖြင့် ဘွဲ့ယူမည့် ပါရဂူဘွဲ့တစ်ဦး၊
ဆေးပညာ မဟာသိပ္ပံဘွဲ့ ၅၆ ဦး၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၄ ဦး စုစုပေါင်း
၆၁ ဦးတို့အား ဘွဲ့ချီးမြှင့်အပ်နှင်းကာ ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင်
အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင်
လက်မှတ်ရေးထိုးသည်။
ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပြီးနောက်
အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့်
ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။
တပ်မတော် ဆေးတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့
၂၄၉၀၊ ဆေးလက်တွေ့နှင့် ဆေးလက်တွေ့ အခြေခံပါရဂူဘွဲ့ ၂၀၇ ဦး၊ ဆေးပညာ သင်ကြားရေး ဘွဲ့လွန်ဒီပလိုမာဘွဲ့
၂၆၈ ဦး၊ ဆေးပညာ ဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၆၉ ဦးတို့အား ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။
လက်ရှိ ဆေးပညာ မဟာသိပ္ပံဘွဲ့လွန် အမှတ်စဉ် (၂၇)တွင် သင်တန်းသားအရာရှိ ၅၈ ဦး၊ အမှတ်စဉ်
(၂၈)တွင် သင်တန်းသားအရာရှိ ၂၀၁ ဦး၊ အမှတ်စဉ် (၂၉)တွင် သင်တန်းသားအရာရှိ ၃၀၄ ဦး စုစုပေါင်း
ဘွဲ့လွန်သင်တန်းသား အရာရှိ ၅၆၃ ဦး သင်တန်းတက်ရောက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment