Wednesday, April 6, 2022

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ကျ ဝန်ထမ်းများနှင့်တွေ့ဆုံ၊ ခရီးသွားများအတွက် ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် အဖက်ဖက်က ဖြည့်ဆည်းဆောင်ရွက်ထားရေးမှာကြား

 


နေပြည်တော်   ဧပြီ   

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများနှင့် အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိပြီး လေဆိပ်၌ တာဝန် ထမ်းဆောင်နေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 






တွေ့ဆုံစဉ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇင်ဝင်းက နေပြည်တော်လေဆိပ်၏ ခရီးသည် ဝင်/ထွက်မှု၊ လူဝင်မှုစစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်မှုနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးက ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ လုပ်ကိုင် ဆောင်ရွက်ရေး၊ ကာကွယ်ဆေး အပြည့်အဝထိုးနှံရေး၊ ပြည်တွင်းလေကြောင်းလိုင်းများဖြင့် သွားလာကြသည့် နိုင်ငံသားများအား နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးမည့် အစီအစဉ်၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင်၍ လုံခြုံမှုအဆင့်ရှိ စာရွက်စာတမ်းများ စနစ်တကျ ထိန်းသိမ်းရေးကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက် သွားလာနေကြသည့် နိုင်ငံခြားသားများနှင့် ပတ်သက်သည့် နိုင်ငံခြားသား ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံအတွင်း ဝင်ရောက်ရာတွင် လွယ်ကူ ချောမွေ့စေရေး အတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ယာယီကန့်သတ်ထားရာမှ လာမည့် ဧပြီ (၁၇) ရက်မှစ၍ ပြည်ဝင်ဗီဇာနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပုံမှန်ပြန်လည် ပြေးဆွဲခွင့်ပြုမည်ကို သက်ဆိုင်ရာမှ ထုတ်ပြန်ထားပါကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း ခွင့်ပြုချက်အရ ဧပြီ (၁) ရက်မှစ၍ e-Visa စနစ်ဖြင့် Business Visa (လုပ်ငန်းဗီဇာ)ကို စတင်လျှောက်ထားခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းသို့ ပြည်ပလေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုရာတွင် မိမိတို့ဌာနမှ အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် ခရီးသွားများအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် အဖက်ဖက်က ဖြည့်ဆည်း ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားများအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် မိမိတို့၏ ဆက်ဆံဆောင်ရွက်မှုသည် နိုင်ငံ၏ပြယုဒ်ဖြစ်သည်ကို အလေးဂရုပြုကြစေလိုကြောင်း၊ အခြားသော ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို အချိန်မီ တင်ပြဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာနေရာရှိ  လူဝင်မှုစစ်ဆေးရေးကောင်တာများ၊  ဆိုက်ရောက်ဗီဇာ (Visa on Arrival) ကောင်တာနှင့် ပြည်ပဆိုက်ရောက် နေရာရှိ လူဝင်မှုစစ်ဆေးရေးကောင်တာများကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ခရီးသည် များအတွက် လူဝင်မှုစစ်ဆေးဆောင်ရွက်မည့် အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက လုံခြုံရေးသတိ၊ ကျန်းမာရေးအသိတို့ဖြင့် ဂရုပြုဆောင်ရွက်ကြရေးမှာကြားကာ လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

 

No comments:

Post a Comment