မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေမှာ နေ့စဉ်ဓာတ်ခွဲစမ်းသပ်မှုများမှ ပိုးတွေ့လူနာသစ်တွေ့ရှိမှု (၁) ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာနေသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အလျောက် လာမည့်သင်္ကြန်ပွဲတော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပရန် ခွင့်ပြုထားပြီးဖြစ်သကဲ့သို့ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်(ဧပြီ ၁၇ ရက်)မှစ၍ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသနိုင်ရန်၊ ပြည်တွင်းပြည်ပခရီးသွားလာမှုများကို ခွင့်ပြုသွားရန်တို့အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးတွင် ကာကွယ်ဆေးထိုးနှံပေးမှုများက အရေးကြီးသည့်အလျောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကာကွယ်ဆေးထိုးနှံ မှုများ ရာနှုန်းပြည့်ပြီးစီးစေရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက်သောင်းကျန်းမှုများ ရှိနေသည့် နယ်မြေများတွင် လုံခြုံရေးအရ ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြီးစီးနိုင်မည့် အခြေအနေများရှိသည်။ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားပြီးသူများအနေဖြင့် ရောဂါ ကြောင့် သေဆုံးရမှုကို ခုနစ်ဆ လျှော့ချနိုင်သည့်အတွက် အခမဲ့ ထိုးနှံပေးလျက်ရှိသည့် ကာကွယ်ဆေးကို မပျက်မကွက် ထိုးနှံကြရန်လိုသည်။
“မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ကျ သွားပြီဖြစ်သော်လည်း ပေါ့ဆ၍မရဘဲ သတိဝီရိယဖြင့် နေထိုင်သွားကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ရေးနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတ်မှတ်ရာခိုင်နှုန်း ပြည့်မီအောင် ထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်” ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ရာ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ဝိုင်းဝန်းကြိုးပမ်းကြရမှာ ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ မျိုးကွဲအိုမီခရွန်၏ မျိုးကွဲ BA.2 ကူးစက်မှု များ မိမိတို့၏ ဒေသတွင်းနိုင်ငံအချို့တွင် ရှိနေပြီး ကူးစက်ပျံ့နှံ့မှု များလည်းရှိနေရာ ပြည်ပမှဝင်ရောက်မှုများ၊ ကူးသန်းသွားလာမှု များမှတစ်ဆင့် နိုင်ငံအတွင်း ဝင်ရောက်လာနိုင်သည်ကို သတိပြု ကြရမည်ဖြစ်သည်။ လူစုလူဝေး ကန့်သတ်ထားမှုများကို ဖြေလျှော့ထားခြင်းအပါအဝင် ပုံမှန်နီးပါး ပြန်လည်ရောက်ရှိလာ နေသည့် အခြေအနေများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတိတရားကို လက်မလွှတ်စေဘဲ နေထိုင်သွားခြင်းဖြင့် ရောဂါ ကူးစက်ပျံ့နှံ့မှု သုညအခြေအနေအထိ ရောက်ရှိသွားသည်အထိ မိမိကိုယ်ကို ဂရုပြုစောင့်ရှောက်ကြရန်လိုသည်။
မကြာမီကျရောက်တော့မည့် မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်ကူးပွဲတော်သည်လည်းကောင်း၊ နှစ်ဆန်းတစ်ရက်နေ့တွင် ပြသကြမည့် ရုပ်ရှင်ရုံများ၊ ပြည်တွင်း ပြည်ပ ခရီးသွားလာမှု များသည်လည်းကောင်း ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း မိမိတို့နိုင်ငံသူ နိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည့် ကမ္ဘာ့ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများနှင့် နိုင်ငံရေးကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှု၊ မလုံခြုံမှု၊ စိုးရိမ်ထိတ်လန့်မှုများ စသည့် မကောင်းမှုအနိဋ္ဌာရုံများ လျော့ပါးလာသည့် ပြယုဂ် များ ဖြစ်သည်။ တစ်ဖက်တွင်လည်း လုံးဝ အကင်းမသေသေးသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတို့ ကျန်ရှိနေသေးသကဲ့သို့ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုတို့ ဖြစ်ပေါ်လာသည့် အခြေအနေများကို မလိုလား မရှုဆိတ်သည့် အဖျက်အမှောင့် အကြမ်းဖက်တို့လည်း ရှိနေဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေ ကိုဗစ်-၁၉ ကပ်ရောဂါ၏ အဆိုးရွားဆုံး ရိုက်ခတ်ခဲ့သည့် အခြေအနေကို လည်းကောင်း၊ အကြမ်းဖက်ဝါဒီများ၏ ပြည်တွင်း ပြည်ပ ပူးပေါင်းကြံစည်ကြိုးပမ်းသည့် အဖျက် လုပ်ငန်းများကိုလည်းကောင်း ပြည်သူများ ပူးပေါင်းပါဝင်မှုအားဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီးဖြစ်ရာ တည်ငြိမ်အေးချမ်းမှု အခြေအနေကောင်းများ တိုးသထက်တိုးလာစေရန် ဆက်လက် ထိန်းသိမ်းဖော်ဆောင်နိုင်ပါစေကြောင်း။ ။
No comments:
Post a Comment