Tuesday, April 19, 2022

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိ ဌာနများ ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဧပြီ ၁၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန် ရှိသူများနှင့်အတူ ဧပြီ ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ခရိုင်အတွင်းရှိ ပြင်ဦးလွင်ဘူတာ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်ဘူတာသို့ရောက်ရှိရာ ဘူတာဧည့်ခန်း၌ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဘူတာကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမွမ်းမံထားမှု အခြေအနေ၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းလိုင်းခန်းများ တည်ဆောက်ထားမှု၊ အထက်အကြီးအကဲများ၏ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဘူတာယာဒ် ဝန်းသန့်ရှင်း သာယာလှပရေးဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ဘူတာဧည့်ခန်းအတွင်းရှိ ရှေးဟောင်းဓာတ်ပုံများ ပြုပြင်တပ်ဆင်ပြီးစီးမှု၊ ပြင်ဦးလွင်ဘူတာ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ စင်္ကြန် ပလက်ဖောင်းကြမ်းခင်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ထားရှိမှုနှင့် ဘူတာရှေ့ကားရပ်နားနေရာ ကတ္တရာလမ်း ထပ်ပိုးလွှာခင်းထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံး၌ ဝန်ကြီးဌာနလက်အောက်ရှိဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံအမှာ စကားပြောကြားသည်။

ထို့နောက် ဌာနများမှတာဝန်ရှိသူများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများ ကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြင်ဦးလွင် ခရိုင်ရုံး အတွင်းရှိ ယာဉ်မောင်းလိုင်စင်ဌာန၊ ယာဉ်စစ်ဆေးရေးဌာန၊ ယာဉ်မှတ်ပုံတင်ဌာနတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံး၌ ယာဉ်လုပ်ငန်းလိုင်စင် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဝန်ထမ်းများတပိုင်တနိုင် စိုက်ပျိုးထားသည့် စတော်ဘယ်ရီ စိုက်ခင်းများကို ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)

No comments:

Post a Comment