Friday, April 8, 2022

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ရှမ်းပြည်နယ် (အ‌ရှေ့ပိုင်း) အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် အစည်းအဝေးကျင်းပ



နေပြည်တော် ဧပြီ ၈

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ များ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း လျှပ်စစ် ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အား စနစ်တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့အတွက် အစည်းအဝေးကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်များကို ကြိုတင် တွက်ချက်၍ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက် ထားရှိရန်လိုအပ်ကြောင်း၊ လက်ရှိအခြေအနေ တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်ရှိ ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး ၁၉၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကိုလည်း ဆောလျှင်စွာပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ယခုရောက်ရှိနေသော ရှမ်းအရှေ့ဒေသ၌ ရေအား လျှပ်စစ်စီမံကိန်းများ ဆောင်ရွက်နိုင်ရန် သဘာဝအရင်း အမြစ်များစွာရှိသဖြင့် ၎င်းတို့ကိုလည်း သဘာဝ ပတ်ဝန်းကျင်ထိခိုက်စေမှု အနည်းဆုံးဖြင့် ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ စီမံဆောင်ရွက်ရာတွင်လည်း ပြည်သူလူထုကို ယခုကဲ့သို့ ဝန်အားထိန်းညှိ လျော့နည်းမှုများ မဖြစ်စေရေးအတွက် စီမံဆောင်ရွက်ရသည်ကို သိရှိနားလည်စေရန်နှင့်လျှပ်စစ်ဓာတ်အား တိုးတက် သုံးစွဲနိုင်မှသာလျှင် လူမှုဘဝဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်းကို နားလည်စေရန် ရှင်းလင်းပြော ကြားသွားကြရန် လိုအပ်ကြောင်း။

ထို့ပြင်ရှမ်းပြည်နယ်အတွင်း ဓာတ်အားမရရှိသေးသည့် မြို့များနှင့်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား မရောက်မီကာလတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ပေးနိုင်ရေး စီမံဆောင်ရွက်ရန်နှင့် ဓာတ်အားရောက်ရှိ ဖြန့်ဖြူးပေးနိုင်ရန်ကိုလည်း နည်းလမ်းရှာဖွေခြင်း၊ ကြိုတင်တိုင်းတာ တွက်ချက်မှု များပြုလုပ်ဆောင်ရွက်ပြီး နှစ်အလိုက်ရံပုံငွေလျာထား စီမံဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြား သည်။

ထို့နောက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်သစ်ဆန်းက လုပ်ငန်းအစီအမံများကို ရှင်းလင်း တင်ပြရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က ဖြည့်စွက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာန၊ ၂၃၀ ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နမ်စံဓာတ်အားခွဲရုံမှ မိတ္ထီလာ(ကံကောင်း)ဓာတ်အားခွဲရုံ အထိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းစီမံကိန်း လျာထားဆောင်ရွက် ထားမှုနှင့် ဓာတ်အားစနစ် ကြံ့ခိုင်ရေးအတွက် ပုံမှန်ထိန်းသိမ်းစစ်ဆေး ဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဓာတ်အားပြတ် တောက်မှု လျော့နည်းကျဆင်းစေရေး အတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန် မှာကြားခဲ့၍ ဓာတ်အားခွဲရုံ ထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ၂၃၀ ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံသည် ၂၃၀ ကေဗွီ မိုင်းပျဉ်းဓာတ်အားခွဲရုံမှ တစ်ဆင့် ဓာတ်အားလက်ခံ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ကျိုင်းတုံမြို့နှင့် အခြားမြို့များသို့ ဓာတ်အား စနစ်ကွန်ရက်မှ ဓာတ်အားချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဓာတ်အားစတင် လက်ခံပို့လွှတ်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment