Wednesday, April 20, 2022

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာခရီးသွားများ ဝင်ရောက်လျက်ရှိ

 


ရန်ကုန် ဧပြီ ၁၉

 

ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၏ နိုင်ငံတကာလေကြောင်း လိုင်းခရီးစဉ်များ နှစ်နှစ်ကြာ ရပ်နားထားခဲ့ပြီးနောက် ဧပြီ ၁၇ ရက်မှစ၍ နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပြန်လည်ဖွင့်လှစ်ခဲ့ရာ နိုင်ငံတကာလေကြောင်းလိုင်းဖြင့် ခရီးသွားများ တဖွဲဖွဲ ဝင်ရောက်လျက်ရှိသည်။

 စင်ကာပူလေကြောင်းခရီးစဉ် ပထမဆုံးရောက်

နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည် ဖွင့်လှစ်သောနေ့၌ ကနဦးအနေဖြင့် နံနက် ၉ နာရီတွင် စင်ကာပူနိုင်ငံမှ ပျံသန်းလာသော SQ-761 လေကြောင်းခရီးစဉ် ပထမဆုံး ရောက်ရှိခဲ့ပြီး ယင်းနောက်တွင် မလေးရှားနှင့် ဘန်ကောက်မှ ခရီးသွားများ ဆိုက်ရောက်ခဲ့သည်။ ဧပြီ ၁၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ ထွက်ခွာသောခရီးသွား ၆၈၈ ဦးနှင့် ဝင်ရောက်သော ခရီးသွား ၃၉၃ ဦးရှိပြီး MAI ၊ MNA လေကြောင်းလိုင်းတို့မှ ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

ဧပြီ ၁၈ ရက်တွင် ပထမဆုံးလေကြောင်း ပျံသန်းမှုအဖြစ် ဒူဘိုင်းနိုင်ငံမှ ခရီးသွားများ စတင် ဝင်ရောက်ခဲ့ပြီး ထိုနေ့တွင် ဒူဘိုင်း၊ စင်ကာပူ၊ ဘန်ကောက်၊ မလေးရှားနိုင်ငံတို့မှ လေကြောင်းလိုင်း ငါးလိုင်းဖြင့် ခရီးသွား ၅၁၇ ဦး ဝင်ရောက်ခဲ့သည်။

ဧပြီ ၁၉ ရက်တွင် ပထမဆုံးခရီးသွားဝင်ရောက်မှုအဖြစ် ဘန်ကောက်-ရန်ကုန် လေကြောင်းလိုင်းမှ MAI-336 ခရီးစဉ်ဖြင့် ခရီးသွား ၃၂ ဦး ဝင်ရောက်ခဲ့ပြီး တစ်ဆက်တည်း UB-026 ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်ဖြင့် ခရီးသွား ၁၀၆ ဦး ဆက်လက် ဝင်ရောက်ခဲ့သည်။ ထိုနေ့တွင်   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့   တရုတ် (ကွမ်ကျိုး)၊  တောင်ကိုရီးယား (အင်ချွန်း)၊  စင်ကာပူ၊   မလေးရှား၊   ထိုင်းနိုင်ငံတို့မှ လေကြောင်းလိုင်း ငါးလိုင်းဖြင့် ခရီးသွား ၂၈၈ ဦး ဝင်ရောက်ခဲ့ပြီး ညနေပိုင်းတွင် ကွမ်ကျိုး၊ အင်ချွန်းနှင့် ဘန်ကောက်ခရီးစဉ်များမှ ခရီးသွားများ ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ခရီးသွားတွေအတွက် လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းဆောင်ရွက်  ပေးထားပါတယ်။  မြန်မာနိုင်ငံရဲ့အကောင်းဆုံး လေဆိပ်ကြီး ပြန်လည်ဖွင့်လှစ်မှုကို  အားလုံးဝမ်းသာနေကြတာပါ။ ပြီးတော့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ့် လုပ်ငန်းတွေဟာလည်း နိုင်ငံရဲ့ တံခါးပေါက်ဖြစ်တဲ့ ဒီလို လေဆိပ်များကပဲ ဝင်ရောက်ကြတာပါ။ နိုင်ငံခြားသား ခရီးသွားတွေ ပိုပြီးဝင်ရောက်ဖို့ဆိုရင် ခရီးသွားလာရေး လုပ်ငန်း များအနေနဲ့ ပိုဆွဲဆောင်စေနိုင်တဲ့ လုပ်ဆောင်မှုတွေလည်း လိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သဘာဝအလှကို  နိုင်ငံခြား ခရီးသွားတွေ နှစ်ခြိုက်ကြတာကြောင့် ခရီးသွားကဏ္ဍကို ပြန်လည်ကုစားဖို့အတွက် ယခင်ထက်ပိုပြီး ကြိုးစားလုပ်ဆောင်မယ်ဆိုရင် ယခင်ခရီးသွား ဝင်ရောက်မှုကို ကျော်လွန်တဲ့ အနေအထားကို ရောက်သွားနိုင်ပါတယ်” ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၏  Yangon Aerodrome Company (YACL) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကာကွယ်ဆေးထိုးနှံပြီး လက်မှတ်ပြသ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခရီးသွားများဝင်ရောက်ရာ၌ လေဆိပ်တာဝန်ကျ ကျန်းမာရေးကောင်တာသို့ သွားရောက်၍ လိုအပ်သော ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း PCR Test ဆေးစစ်ချက်နှင့်  ကာကွယ်ဆေး  ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်တို့ကို ပြသခြင်း၊ စာရွက်စာတမ်းများ စစ်ဆေးအတည်ပြုပြီးသည်  နှင့်တစ်ပြိုင်နက် ခရီးသည်များအနေဖြင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာများကို လုပ်ဆောင်၍ မိမိတို့ ခရီးဆောင်အိတ်များကို ရွေးယူခြင်း၊ ဆိုက်ရောက် ဧရိယာမှထွက်ခွာအပြီး ခရီးသည်များသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စီစဉ်ထားရှိသော ကျန်းမာရေးကောင်တာ Quarantine ဝင်ရမည့် ဟိုတယ်အချက်အလက်များ ရယူရန်နှင့် စာရင်း ပေးသွင်းပြီး အသင့်စီစဉ်ထားရှိသော သယ်ယူ ပို့ဆောင်ရေး အစီအစဉ်ဖြင့် Quarantine ဝင်ရောက်မည့် ဟိုတယ်သို့ ထွက်ခွာနိုင်ရန် ဝန်ဆောင်မှုပေးထားကာ Commercial လေကြောင်းလိုင်းဖြင့် လိုက်ပါသော နိုင်ငံခြားခရီးသွားများ အနေဖြင့် ဟိုတယ် Quarantine တစ်ရက်ဝင်ရောက်နိုင်ရန် ဝန်ဆောင်မှုပေးထားကြောင်း သိရသည်။

ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး

No comments:

Post a Comment