Friday, April 22, 2022

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး နည်းစနစ်တကျ ဝိုင်းဝန်းကြိုးပမ်း

 


ကြီးပွားတိုးတက်ခြင်း အကြောင်းတရားတွင် ရေခံမြေခံထက် တီထွင်ကြံဆ မဖြစ်မနေ ကြိုးပမ်းအားထုတ်မှုသည် အဓိကဖြစ်သည်ကို ကမ္ဘာပေါ်တွင် လေ့လာကြည့်နိုင်ပါသည်။ ကြီးပွားတိုးတက်ခြင်းသည် မဖြစ်ဖြစ်အောင် အလုပ်လုပ်နိုင်ခြင်းနှင့် အဓိကသက်ဆိုင်ပေသည်။ ကုန်းတွင်းပိုင်းတွင် ရေသတ္တဝါများ မွေးမြူနိုင်ခြင်း၊ ကန္တာရတွင် သီးနှံသစ်ပင်များ စိုက်ပျိုးနိုင်ခြင်း၊ တွင်းထွက်သယံဇာတ မရှိသော်လည်း ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နိုင်ခြင်း စသည်တို့သည် တီထွင်ကြံဆ ကြိုးပမ်းအားထုတ်ခြင်းမှ ရရှိလာသော အကျိုးများဖြစ်သည်။

တိုးတက်သောနိုင်ငံများတွင် စိတ်ခံစားချက်နှင့် အလုပ်အား ခွဲခြားထားသည်ကို တွေ့ရမည်ဖြစ်သည်။ အချိန်ကို ထိရောက်စွာအသုံးချ၍ အလုပ်လုပ်ခြင်းနှင့် တီထွင်ဆန်းသစ်မှုအား အစဉ်အမြဲ ကြိုးပမ်းဖွေရှာနေသည်ကို အားလုံးသိရှိကြပြီး ဖြစ်သည်။ အဓိကမှာ တစ်မူထူးကဲသော အစဦးတီထွင်ဆန်းသစ်မှုကို ရှာဖွေကြသည်။ ကနဦး တီထွင်ဆန်းသစ် ဖန်တီးထားမှုများကို အတုယူ၍ ကိုယ်ပိုင်ဆန်းသစ်မှုများ ပြုလုပ်ကြကာ နိုင်ငံအကျိုး၊ လူသားကောင်းကျိုးများကို အစဉ်ကြိုးပမ်းနေ ကြသည်။ နည်းပညာခေတ်သို့ ရောက်လာသောအခါ တီထွင်ဆန်းသစ်မှုများကို ပိုမို၍ ရှာဖွေလာကြသည်။

တီထွင်ဆန်းသစ်မှုရှိမှသာ တိုးတက်ကြီးပွားခြင်း အကြောင်းဖြစ်ပြီး တီထွင်ဆန်းသစ်မှု မရှိပါက သူတစ်ပါးအား ကိုးမှီခိုရသည့်ဘဝတွင်သာ ရပ်တည်နေရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအားထားသည့် နိုင်ငံဖြစ်သည်။ စက်မှုနည်းပညာ ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းမရှိဘဲ အားလုံးကို အခြားနိုင်ငံများမှ မှီခိုအားထားနေရသည်။ စက်မှုနည်းပညာ ဖွံ့ဖြိုးသောနိုင်ငံမဟုတ်၍ ပြည်ပကို အားကိုးနေရသည်မှာ အဓိပ္ပာယ်ရှိနိုင်သော်လည်း စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ပြည်ပမှ စိုက်ပျိုးရေးထွက်ကုန်များအား တင်သွင်းနေရသည်ကို ဆန်းစစ်သုံးသပ် ကြည့်နိုင်ပေသည်။

မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများရှိပြီး အလုပ်လုပ်နိုင်သော စွမ်းအားစုများလည်း ရှိနေပေသည်။ စိုက်ပျိုးရေးထွက်ကုန်အချို့ကို ပြည်ပသို့ တင်ပို့နိုင်သော်လည်း အချို့စိုက်ပျိုးရေး ထုတ်ကုန်များအား ပြည်ပမှ တင်သွင်းနေရသည်ကို တွေ့ရမည်ဖြစ်သည်။ အဓိကအကြောင်းရင်းမှာ နည်းပညာကိုအသုံးပြု၍ အရည်အသွေးမြင့်မားသော စိုက်ပျိုးရေးထုတ်ကုန်များကို မထုတ်လုပ်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နည်းပညာသည် အဓိကကျသော အကြောင်းအချက်ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် ခေတ်မီစနစ်ကျသော နည်းပညာများကို အသုံးပြု၍ တီထွင်ကြံဆ ကြိုးပမ်းလုပ်ကိုင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ကမ္ဘာလုံးသုံးစွဲနေသော ကော်ဖီကို စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ပြည်တွင်းထုတ် ကော်ဖီထက် ပြည်ပမှကော်ဖီများအား သုံးစွဲနေကြသည်ကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကော်ဖီစိုက်ပျိုးမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “သာမန်စိုက်ပျိုးမှုဖြင့် ကျေနပ်နေ၍မရဘဲ စနစ်ကျနသည့် စိုက်ပျိုးမှုစနစ်ရှိရမည် ဖြစ်သကဲ့သို့ လိုအပ်သည့် သွင်းအားစုများကိုလည်း မှန်မှန်ကန်ကန် ထည့်သွင်းရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမှသာလျှင် အရည်အသွေး ကောင်းမွန်သည့် ကော်ဖီရရှိမည်ဖြစ်ပြီး ကော်ဖီထုတ်ကုန်များ ဈေးကွက်ရရှိရေးနှင့် အရည်အသွေး မြင့်ထုတ်ကုန်ဖြစ်စေရေး အစိုးရက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လိုအပ်သည့် အရင်းအနှီးများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် အမှန်ကတယ်အောင်မြင်ပြီး မြန်မာ့ကော်ဖီ (Myanmar Coffee Brand)ကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားထားသည်။

ယခင်က ဥရောပနိုင်ငံများတွင်သာ ကော်ဖီစိုက်ပျိုးမှုနှင့် သောက်သုံးမှု များပြားခဲ့သော်လည်း လက်ရှိအချိန်တွင် အာရှနိုင်ငံများ၌လည်း အဓိကထား စိုက်ပျိုးသောက်သုံးလာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြင်ဦးလွင်ကော်ဖီသည် ယခင်ကတည်းက အနံ့အရသာနှင့် ပြည့်စုံမှုရှိပြီး နာမည်ရရှိပြီးဖြစ်သည့် ကော်ဖီအမျိုးအစားတစ်ခုဖြစ်သည်။ ကော်ဖီစိုက်ပျိုးရာတွင် အရိပ်ရနှင့် အရိပ်မဲ့ဟူ၍ စိုက်ပျိုးမှုနှစ်မျိုးရှိပြီး မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲလာမှုကို ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောသစ်ပင် စိမ်းလန်းစေရေးအတွက် ရည်ရွယ်၍ အရိပ်ရကော်ဖီ စိုက်ပျိုးရန် ပြင်ဦးလွင် ကော်ဖီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ဒေသထုတ်ကုန်၊ ထွက်ကုန်များကို ပြည်တွင်း၊ ပြည်ပဈေးကွက်များအတွင်း အဆင့်မြှင့်တင်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချ၍ ဒေသခံပြည်သူများ လူမှုစီးပွားတိုးတက်စေရန်၊ နိုင်ငံတော်၏ စီးပွားရေး တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အဆင့်မီ၊ အရည်အသွေးမြင့် ကော်ဖီသီးနှံများ ထုတ်လုပ်နိုင်ရေးကို နိုင်ငံတော်အစိုးရက အားပေးကူညီ ဆောင်ရွက်ပေးနေပြီဖြစ်၍ စိုက်ပျိုးထုတ်လုပ်သူများကလည်း အရည်အသွေးမြင့် ထုတ်ကုန်များကို ထုတ်လုပ်ကြရန် တိုက်တွန်းအပ်ပါကြောင်း။  

No comments:

Post a Comment