Saturday, April 16, 2022

ရခဲလှသောအခိုက်အတန့်တွင် ကောင်းမှုကုသိုလ်များပွားများ

 



မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာအားယုံကြည်ကိုးကွယ်သူများအများဆုံး နေထိုင်သည့် နိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူများဖြစ်သည် ဆိုပါက ဗုဒ္ဓဘာသာဆိုသည့် အဓိပ္ပာယ်ကို သိရှိ နားလည်ထားရန် လိုအပ်ပါသည်။ ဗုဒ္ဓဟူသည်မှာ ဘဝများစွာသံသရာ၌ဒါန၊ သီလ အစရှိသော ပါရမီဆယ်ပါး၊ အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ခဲ့သဖြင့် သစ္စာလေးပါး အလုံးစုံသောမြတ်တရားကို ဆရာမရှိကိုယ်တော်တိုင် ထိုးထွင်းသိတော်မူသောသဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်ကိုဆိုလိုသည်။

ဗုဒ္ဓဘာသာဟူသည် ဘုရားရှင်က၄၅ ဝါကာလပတ်လုံး လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံး အကျိုးစီးပွားတိုးပွားရန်အလို့ငှာ ဟောကြားတော်မူသော တရားဒေသနာတော်များဟု အဓိပ္ပာယ်ရ သည်။ ဗုဒ္ဓဘာသာဝင်ဟူသည် မြတ်စွာဘုရားဟောကြားတော်မူသော တရားတော်ကို ယုံကြည်သက်ဝင် ကြည်ညိုကိုးကွယ်၍ လိုက်နာကျင့်ကြံကြိုးကုတ် အားထုတ်ကြသူများဟု အဓိပ္ပာယ်ရသည်။ အထက်ပါ အဓိပ္ပာယ်များအရ ဘုရားရှင်ဟောကြားတော်မူသော တရားတော်များအား သက်ဝင်ယုံကြည် လိုက်နာသူများကို ဗုဒ္ဓဘာသာဝင်ဟုခေါ်ဆိုသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါက အမည်ခံအဖြစ် မဟုတ်ဘဲ ဗုဒ္ဓအဆုံးအမများကို အမှန်တကယ် လိုက်နာကျင့်ကြံ အားထုတ်သူဖြစ်ဖို့လိုပါသည်။

လူ့ဘဝသည် ရခဲလှပေသည်။ ဗုဒ္ဓဘာသာဝင်အဖြစ်ကိုလည်း ရခဲပေသည်။ လောကတွင် လူ၊ နတ်၊ ဗြဟ္မာ၊ အပါယ်လေးဘုံသားတို့ရှိရာ အပါယ်လေးဘုံသည်ဒုက္ခမျိုးစုံခံစားနေရသည့်ဘုံဖြစ်၍ ကောင်းမှု ကုသိုလ်ကို မည်သို့မျှ မပြုလုပ်နိုင်ပေ။ နတ်၊ ဗြဟ္မာဘုံတို့သည်လည်း သုခမျိုးစုံခံစားနေရ၍ ကုသိုလ်ပြုလုပ်ရန် မေ့လျော့နိုင်သည်။ လူ့ဘဝသည်သာ ဒုက္ခ၊ သုခ အလုံးစုံရောနှောနေပြီး မိမိတို့၏ အသိအမြင် ဆင်ခြင်ဉာဏ်နှင့်ယှဉ်ကာ ဒါန၊ သီလ၊ ဘာဝနာတို့ကို ပြည့်စုံအောင် ဖြည့်ကျင့် ဆည်းပူး နိုင်သည့် အခွင့်အရေးရှိသည်။ ထိုမျှမက သံသရာမှလွတ်မြောက်အောင် ကြိုးပမ်းအားထုတ် နိုင်စွမ်းလည်းရှိသည်။

ထို့ကြောင့် လူ့ဘဝသည်ရခဲသည်ဟု ဘုရားရှင်က ဟောကြားတော်မူသည်။ လူ့ဘဝသံသရာသည် မရေမတွက်နိုင်အောင် ရှည်လျားလှပြီးဘုရားရှင်၏ သာသနာတော်နှင့်ကြုံခဲပေသည်။ ယခုအခါ ရခဲလှသောလူ့ဘဝကိုရခဲ့ကြပြီး ဘုရားရှင်၏ သာသနာတော်နှင့်ကြုံတွေ့နေသည်။ ဘုရားရှင် ဟောကြားခဲ့သည့် တရားတော်များကိုလည်း နာကြားရသည့်ရခဲလှသောဘဝအခိုက်အတန့်တွင် ဘုရား ရှင်၏ အဆုံးအမနည်းလမ်းများကို အမြဲမပြတ် လိုက်နာကျင့်ကြံသင့်ပါသည်။ ထိုသို့ လိုက်နာကျင့်ကြံမှသာလည်း ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် မိရိုးဖလာအစဉ်အလာ ကိုးကွယ်သူများအနေဖြင့် မိမိတို့သည် ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်စေရန် ကြိုးပမ်းအားထုတ်သင့်သည်။

ယခုအခါတွင် ဗုဒ္ဓသာသနာတော်ကို ညစ်နွမ်းဆုတ်ယုတ်စေသော ပြုလုပ်ကျူးလွန်မှုများအား ပြုလုပ် နေကြသည်ကို တွေ့နေရသည်။ မိရိုးဖလာဗုဒ္ဓဘာသာဝင် များဖြစ်ခဲ့သော်လည်း ရတနာသုံးပါး၊ အနန္တောအနန္တငါးပါးတို့ကို ပြစ်မှားစော်ကား ပြုလုပ်လာသူများရှိလာသည်ကိုတွေ့ရသည်။ ထို့ကြောင့် ဗုဒ္ဓသာသနာတော်ကိုသန့်ရှင်းစင်ကြယ်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဗုဒ္ဓဘာသာဝင် ကောင်းတစ်ယောက် ဖြစ်မြောက်စေရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ယောက် အနေဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ်ယုံကြည်ပါက မိမိတို့၏ နေ့စဉ်ပြုလုပ်နေကျအလုပ်များအပြင် ဘာသာရေးလုပ်ငန်းတာဝန်များ ကိုလည်းပညာဦးစီးသော ယုံကြည်မှုဖြင့် နေ့စဉ်ပြုလုပ်သင့်ပါသည်။ ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ခြင်း၊ အမျှဝေခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ သာသနာတော် တည်တံ့ပြန့်ပွား ထွန်းကားရေး ဆောင်ရွက်ခြင်း၊ လက္ခဏာရေးသုံးပါးဆင်ခြင်ခြင်းတို့ကို နေ့စဉ်ပြုလုပ်သင့်ပါသည်။

သာသနာတော် တည်တံ့ပြန့်ပွားရေးဆိုသည်မှာ မိမိကိုယ်၌လည်းကောင်း၊ သူတစ်ပါးသန္တာန်၌ လည်းကောင်း မြတ်စွာဘုရား၏ အဆုံးအမတော်ဟူသော သာသနာတော်ကို တည်တံ့ပြန့်ပွားအောင် ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အဆုံးအမဟူသည်မှာ ဒုစရိုက်အမှုများမဖြစ်ပွားအောင် ဆောင် ရွက်ခြင်းနှင့် သုစရိုက်တရားများ တိုးပွားအောင် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မျက်မှောက်ကာလ ဆုတ်ကပ်ကာလကြီးတွင် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်အောင် ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်နေထိုင်သင့်ပါသည်။ ရောဂါဘေး၊ လက်နက် ဘေး၊ ဆင်းရဲဒုက္ခရောက်သည့်ဘေးတို့မှ ကင်းဝေးစေရန်အတွက် ဗုဒ္ဓအဆုံးအမနှင့်အညီ နေထိုင်အားထုတ်သင့်ပါသည်။ 

သို့ဖြစ်ရာ လူ့ဘဝသည် ရခဲပေသည်။ ရခဲလှသော လူ့ဘဝအခိုက်အတန့်တွင် လူဖြစ်ကျိုးနပ်အောင်၊ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်အောင် မကောင်းမှုများကို ရှောင်ရှား၍ကောင်းမှုများကို ဆောင်ကြဉ်းကြပါရန် တိုက်တွန်းအပ်ပါကြောင်း။       

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment