Monday, April 18, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခင်မောင်ဆွေ၏ နှစ်သစ်ကူးဆုတောင်း

 


မိဘပြည်သူ အပေါင်းတို့ ခင်ဗျား

အခုအချိန်ဟာ မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ အချိန်အခါ ဖြစ်ပါတယ်။ ဒီနှစ်သစ်မင်္ဂလာ အချိန် အခါမှာ မြန်မာပြည်သူအပေါင်း ရွှင်လန်းချမ်းမြေ့ ကြစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်။

အခုအခါ ကျွန်တော်တို့ မြန်မာပြည်သူတွေဟာနိုင်ငံရေးဝိမုတ္တိခေတ်လို့ပြောရမယ့် နိုင်ငံရေး ခေတ်ဆိုး ကြီးကို ဖြတ်သန်းနေရဆဲပဲ ဖြစ်ပါတယ်။ဒါကြောင့် ဒီနိုင်ငံရေး ခေတ်ဆိုးကြီးကို အပြီးတိုင် ဖြတ်ကျော်နိုင်ဖို့အချိန်တန်ပါပြီလို့ကျွန်တော် ပြောကြားလိုပါတယ်။ ဒါကြောင့် နိုင်ငံတော်ကြီး ပြိုကွဲမယ့် လုပ်ရပ်တွေ၊ နိုင်ငံတော်ကြီး မငြိမ်မသက်ဖြစ်အောင် ကြံဆောင်တဲ့လုပ်ရပ်တွေ၊နိုင်ငံ အာဏာကို မတရားရယူဖို့ ပြုမူတဲ့လုပ်ရပ်တွေကိုဆန့်ကျင်ဖယ်ရှားရပါမယ်။ ဒါတွေကို ပြည်သူ့ အားနဲ့ကျော်လွှား မှသာ ရရှိနိုင်မယ်ဆိုတာ ဘယ်လိုမှ ငြင်းကွယ်လို့မရပါဘူး။

မိဘပြည်သူများခင်ဗျား

ဒါကြောင့် ပြည်သူအချင်းချင်းအကြားမှာသော်လည်းကောင်း၊ တိုင်းရင်းသားတွေအကြားမှာ သော်လည်း ကောင်း အမျိုးသားညီညွတ်ရေးကိုထူထောင်ဖို့ အထူးပဲလိုအပ်နေတဲ့ အချိန်အခါကြီး ဖြစ်တယ်လို့ ကျွန်တော်ပြောကြားချင်ပါတယ်။

မြန်မာနိုင်ငံတော်ကြီး ပြိုကွဲအောင်၊ သွေးကွဲ အောင်၊သပ်လျှိုနေတဲ့ပြည်ပပယောဂတွေကို ဖယ်ရှားနိုင်ဖို့ တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်စိတ်တွေ မွေးမြူကြဖို့အလေးအနက် ကျွန်တော်တိုက်တွန်း ပြောကြားချင်ပါတယ်။

မိဘပြည်သူများခင်ဗျား

ရှေ့အဖို့မှာ ဘာသာ၊ သာသနာကိုစော်ကားမယ့်အန္တရာယ်တွေ၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ် တွေကို ထိပါးမယ့်အန္တရာယ်တွေ၊ နိုင်ငံကို တစ်စစီကြေမွအောင် ဖျက်ဆီးမယ့် အန္တရာယ်တွေကိုတော့ အမြစ်က မကျန် စုပေါင်းတွန်းလှန်ကြပါမှ မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့နိုင်ပါလိမ့်မယ်။ ဒါကြောင့် ပြည်သူများရဲ့အားကို အများကြီးလိုတယ်လို့ ကျွန်တော်တို့ ပြောလိုတာဖြစ်ပါတယ်။

တကယ်တော့ မြန်မာပြည်သူတွေဟာ အလွန်အင်မတန်မှ ငြိမ်းချမ်းစွာနေလိုကြပါတယ်။ မှန်ကန်တဲ့ နိုင်ငံရေး ထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းပြီးတော့ ပြည်သူများလိုလားနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုသစ်ကြီးကိုငြိမ်းချမ်းရေးနဲ့အတူ တည်ဆောက်နိုင်ကြပါစေလို့ တိုက်တွန်း ရင်းဆုတောင်းလိုက်ပါတယ်။ ပြည်သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။

No comments:

Post a Comment