Tuesday, April 19, 2022

အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်ရင်း၊ တပ်ဖွဲ့များ၌ ကျောင်းသား ကျောင်းသူများအတွက် နွေရာသီ သင်တန်းများဖွင့်လှစ်

 


နေပြည်တော် ဧပြီ ၁၈

နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာကို အခြေခံမှစ၍ ကျွမ်းကျင်တတ်မြောက်စေရန်၊ ကွန်ပျူတာကျွမ်းကျင်စေရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ ဇာတိသွေး၊ ဇာတိမာန် ထက်မြက်မြင့်မားစေရန်နှင့် မြန်မာ့သိုင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သားသမီးများ အတွက်ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာ သဒ္ဒါနှင့် စကားပြောသင်တန်း၊ ကွန်ပျူတာ သင်တန်းနှင့် မြန်မာ့သိုင်း သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကို လိုက်လံနှုတ်ဆက်ကြသည်။ အဆိုပါသင်တန်းများတွင် အခြေခံ အင်္ဂလိပ်စာသဒ္ဒါနှင့် စကားပြောသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၄ ဦး၊ ကွန်ပျူတာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၅၅ ဦးနှင့် မြန်မာ့သိုင်းသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၆၂ ဦးတို့ဖြင့် မေ ၁၃ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယဉ်ကျေးလိမ္မာ သင်တန်းများကိုလည်း တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ ယနေ့မှစတင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၇၃ ဦးကို မေ ၁၃ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment