Thursday, April 21, 2022

၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် ဧပြီ ၂၁

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ ဇူလိုင် (၂၉)ရက်က အတည်ပြုထုတ်ပြန်ခဲ့သော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ ပုဒ်မ-၃ အရ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နှင့် ဗဟိုသန်းခေါင်စာရင်း ကော်မတီဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၂)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒများချမှတ်ခြင်းနှင့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံအသုံးပြုရသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို လူဦးရေသန်းခေါင်စာရင်းများမှသာ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် သန်းခေါင်စာရင်းသည် လူဦးရေသာမက ပညာရေး၊ အလုပ်အကိုင်၊ မွေးနှုန်း၊ သေနှုန်း၊ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ပြောင်းရွှေ့သွားလာမှု၊ အိမ်အကြောင်းအရာ စသည့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များကိုပါ ကောက်ယူလာကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီးဖြစ်သဖြင့် နောက်တစ်ကြိမ် သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်တွင် ကောက်ယူရန် အလှည့်ကျရောက်ပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကို ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယား ပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်း စသည့် လုပ်ငန်းစဉ် (၄)ရပ်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ (၅၁) လခန့်ဖြင့် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုအခါ ကြိုတင်ပြင်ဆင်ခြင်းခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိပြီး လက်ရှိ နိုင်ငံတော်အစိုးရတာဝန်ယူစဉ် ကာလအတွင်း ပထမအဆင့်ဖြစ်သည့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းအတွက် လုပ်ငန်းစဉ်အဆင့် (၈)ဆင့်ရှိသည့်အနက် အဆင့် (၅)ဆင့်ဖြစ်သည့် အခြေခံဒေသစာရင်းများ ပြုစုခြင်း၊ သန်းခေါင်စာရင်းလုပ်ငန်း အသေးစိတ်စီမံချက် (Project Document) ရေးဆွဲခြင်း၊ သန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ GIS နည်းပညာ အသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်း၊ စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း၊ မေးခွန်းပုံစံနှင့် လက်စွဲစာစောင်များ ပြုစုခြင်းတို့ကို လုပ်ငန်းအချိန်ဇယားရေးဆွဲကာ ပထမဦးစွာအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းအဆင့် (၅)ဆင့်တွင် ပါဝင်သည့် သန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရေးအတွက် လျာထားမှုကို ညှိနှိုင်းဆွေးနွေးပြီး အကြံဉာဏ်ရယူနိုင်ရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး အချိန်နှင့် ငွေကြေးများစွာ ရင်းနှီးစိုက်ထုတ်ရသည့်အပြင် ဆောင်ရွက်မှုအဆင့်တိုင်းတွင် အစိုးရဌာနပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း။

ယခုလက်ရှိ နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ခြေလှမ်းစတင် လှမ်းလိုက်ခြင်းဖြစ်ပြီး လုပ်နိုင်သမျှသော လုပ်ငန်းများကို ပြီးစီးနိုင်သမျှပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် မှန်ကန်သော ဦးဆောင်လမ်းညွှန်မှု၊ လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးနိုင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နှင့် ဗဟိုသန်းခေါင်စာရင်း ကော်မတီဖွဲ့စည်းနိုင်ရေးနှင့် သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်သည့် ဌာနများ မကျန်ရှိစေရေးအတွက် အစည်းအဝေး တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် စီမံဆောင်ရွက်ထားရှိမှုနှင့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီတို့၏ ဖွဲ့စည်းထားရှိမှု(မူကြမ်း) ရေးဆွဲထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ကော်မရှင်နှင့် ကော်မတီဖွဲ့စည်းမှုနှင့် ပတ်သက်၍ ထည့်သွင်းဖွဲ့စည်းရမည့် အခြေအနေများ၊ လုပ်ငန်းတာဝန်များတွင် ပြင်ဆင်ဖြည့်စွက်သင့်သည့်အချက်များ၊ ဌာနများ၏ လိုအပ်ချက်အရ မေးခွန်းပုံစံတွင် ဖြည့်စွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများတွင် ဌာနအလိုက် ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ်များကို အကြံပြုသုံးသပ် ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီ အတည်ပြုဖွဲ့စည်းနိုင်ရေးနှင့် လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် လုပ်ငန်းစီမံချက်ဖြစ်စေရေးအတွက် စီမံဆောင်ရွက်သွားမည့် အစီအစဉ်များ၊ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ နိဂုံးချုပ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment