Sunday, April 17, 2022

မဟာသင်္ကြန်အတက်နေ့တွင် နေပြည်တော်၌ ပြည်သူများ စည်ကားများပြားစွာဖြင့် အတာရေသဘင် ပွဲတော်နွှဲပျော်

 


နေပြည်တော် ဧပြီ ၁၆

ယနေ့သည် မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့ နောက်ဆုံးနေ့ဖြစ်သည့်အတွက် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သင်္ကြန်မဏ္ဍပ်များတွင် ရေပက်ခံကားများ၊ ရေပက်ခံထွက်ကြသူများ၊ စတုဒိသာ မဏ္ဍပ်များ၌ အကျွေးအမွေးပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

တွေ့မြင်ရ

ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဓာတုဇယဓာတ်ပေါင်းစု စေတီတော်၊ လှေခွင်းတောင်တန်ခိုးကြီးဘုရား၊ ဘုရားကိုးဆူစေတီ၊ လောကမာရဇိန်စေတီ၊ လောက ရန်နှိမ်စေတီ၊ ရန်အောင်မြင်ရွှေလက်လှဘုရား၊ သတ္တသတ္တာဟသံဝေဇနိယလေးဌာနစေတီ၊ဖောင်တော် ချက်မစေတီနှင့် အခြားတန်ခိုးကြီးဘုရားကျောင်းကန်များတွင် ဆွမ်း၊ ရေချမ်း၊ ပန်းနှင့် ရွှေသင်္ကန်း လှူဒါန်းပူဇော်ကြသူများကို တွေ့မြင်ရသည်။

နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မဟာသင်္ကြန် ရေကစားမဏ္ဍပ်များတွင်လည်း နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များက တေးသီချင်းများဖြင့် လည်းကောင်း၊ ဝန်ကြီးဌာနများနှင့် နေပြည်တော် မြို့နယ်အတွင်းရှိ မြို့နယ်များမှ ယိမ်းအဖွဲ့များက ယိမ်းအက အလှများဖြင့် လည်းကောင်း ဖျော်ဖြေကြပြီး ရေပက်ခံ ကားများ၊ ရေကစားကြသူများဖြင့် စည်ကားခဲ့သည့်အပြင် စတုဒိသာမဏ္ဍပ်တွင်လည်း လာရောက်ရေပက် ကစားကြသူများကို အကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ကြသည်ကိုလည်း တွေ့ရသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များ၌ မိသားစုရေကစားမဏ္ဍပ်ငယ်များတွင် သင်္ကြန်ချစ်သူပြည်သူများက ဆိုင်ကယ်၊ မော်တော်ယာဉ်များဖြင့် ပျော်ရွှင်စွာ လည်ပတ်ရေကစားကြရာ ရေပက်ခံရေကစားကြသူများကို စတုဒိသာကျွေးမွေးလှူဒါန်းကြသူများနှင့် လမ်းလျှောက်ရေပက် ခံကစားကြသူများကိုလည်း တွေ့ရသည်။

ထို့ပြင် နေပြည်တော်အတွင်းရှိ ဇေယျာသီရိ မြို့နယ်ကျည်တောင်ကျေးရွာအုပ်စုအတွင်းရှိ လှေခွင်း တောင်ကမ်းခြေအပန်းဖြေစခန်း၊ ကျည်တောင် ရေဆိပ်နှင့် ပျဉ်းမနားမြို့နယ်ရှိ အဝေရာကမ်းခြေ ရေကစားအပန်းဖြေစခန်းတို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ ရေပက်ကစား ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အတူ နေပြည်တော်ရေပန်းဥယျာဉ်အတွင်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင်လည်း လာရောက် ရေပက်ခံသူများ၊ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။

အေးချမ်းပျော်ရွှင်စွာအနားယူ

ထိုသို့ မဟာသင်္ကြန်ကာလအတွင်းပြည်သူများ စိတ်လက်ချမ်းသာ အေးချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်စေရေးအတွက် သက်ဆိုင်ရာ တာဝန် ရှိသူများက ရေကစားမဏ္ဍပ်များနှင့် အပန်းဖြေစခန်း များ၌ ပူးပေါင်းအဖွဲ့များဖွဲ့စည်း၍ လှည့်ကင်းများဖြင့် စောင့်ရှောက်မှုပေးခြင်း၊ အပန်းဖြေ အနားယူနေကြစဉ်အတွင်း အန္တရာယ်မရှိစေရေးအတွက် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက် ရှိသည်ကိုလည်း တွေ့ရ သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ်နှစ်တစ်နှစ် ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကိုရရှိစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့ မပါလာစေရန်ရည်ရွယ်၍ ရေစင်သွန်းလောင်းကြခြင်းဖြစ်သည်နှင့်အညီ နှစ်ဟောင်းမှ အညစ်အကြေး များကို သင်္ကြန်အတာရေဖြင့် တစ်ဦးကိုတစ်ဦး ကြည်နူးသိမ်မွေ့စွာ ပက်ဖျန်းဆေးကြော ပျော်ရွှင်စွာ ရေကစားကြသည့် ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုလည်းဖြစ်သည်။

သတင်း - မျိုးဆက်သစ်

ဓာတ်ပုံ - ကိုကြီးထိန်(MNA)

No comments:

Post a Comment