Saturday, April 9, 2022

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် တက်ရောက်အားပေး၍ နှုတ်ခွန်းဆက်စကားပြောကြား

နေပြည်တော် ဧပြီ ၉

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိသားစု မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယနေ့နံနက် (၇) နာရီခွဲက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနရုံးရှေ့ ကွင်းပြင်တွင် ကျင်းပသည်။

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် မိသားစုများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖြစ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစစ်အေးနှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အစီအစဉ်အရ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ဇနီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး တာဝန်ရှိသူများသည် ယိမ်းအကအဖွဲ့များနှင့် တက်ရောက်လာကြ သူများကို မဟာသင်္ကြန်အကြို အမွှေးနံ့သာရည်ကို သပြေခက်ဖြင့် သင်္ကြန် ရေပက်ဖြန်းပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ဝန်ထမ်းများနှင့် မိသားစုများအားလုံး မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းရင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် နှစ်သစ်မှာ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက် အမှာစကားပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များကို ဝန်ထမ်းများနှင့် မိသားစုများက တေးသီချင်းများ၊ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ယိမ်းအက အဖွဲ့များအား ဆုတော်ငွေများချီးမြှင့်ကြ၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲ ကြပြီးနောက် မန်းတောင်ရိပ်ခိုသီချင်းသီဆို၍ မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment