Wednesday, April 20, 2022

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

 




နေပြည်တော် ဧပြီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များနှင့် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်အနေဖြင့် ဘတ်ဂျက်များ လျာထားခဲ့ရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြည်သူလူထု၏ အကျိုးစီးပွားလိုအပ်ချက်များကို တိုက်ရိုက်ဖြည့်ဆည်းပေးနိုင်မည့်လုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် အထောက်အကူ ပြုစေသည့် လုပ်ငန်းများကို ဦးစားပေးသတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည် နေပြည်တော်၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အားပေးဆောင်ရွက်ရမည့် နှစ်တစ်နှစ်ဖြစ်သကဲ့သို့ GDP တိုးတက်စေမည့် ကုန်ထုတ်လုပ်မှု အကျိုးပြုအသုံးစရိတ်များနှင့် ဒေသဖွံ့ဖြိုးရေးအသုံးစရိတ်များကို ဦးစားပေးရွေးချယ်ပါကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများနှင့်အညီ ကဏ္ဍအလိုက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲကြရာတွင် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲရန်လိုအပ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်းကို ဧပြီလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ရာ သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ပြည်သူများ၏အကျိုးကို ရှေ့ရှုပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး၊ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရေးတို့ကို အလေးထားကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး နေပြည်တော်စီမံကိန်းဦးစီးရုံး ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ၂၀၂၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့်  နေပြည်တော် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းသို့ လည်းကောင်း၊  လယ်ယာကဏ္ဍကြီးစီမံကိန်း ရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများ၏ ကိုယ်စားလှယ် နေပြည်တော်စိုက်ပျိုးရေး ဦးစီးဌာနသို့လည်းကောင်း နှစ်စဉ်စီမံကိန်းရည်မှန်းချက်များနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တာဝန်ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကို နှစ်စဉ်စီမံကိန်းရည်မှန်းချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တာဝန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment