Friday, April 22, 2022

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်

(၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်)

(၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်)

တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိရန် ဦးတည်၍ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲပေးထားပြီး အဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေး နှစ်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် ငြိမ်းချမ်းရေး ကိစ္စရပ်များကို လက်တွေ့ကျကျ ထိထိ ရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် ကိုယ်တိုင်တွေ့ဆုံ၍ ရိုးသား ပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ထားပြီး ဖြစ်ပါသည်။

အဆိုပါ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဖိတ်ခေါ်ထားသည့်ကာလနှင့် တွေ့ဆုံ ဆွေးနွေးနေစဉ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီး စေမည့် အင်အားစုဆောင်းခြင်း၊ လှုပ်ရှားခြင်း၊ နယ်မြေချဲ့ထွင်ခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ မပြုရန်နှင့် ထိုကဲ့သို့လုပ်ဆောင်လာပါက တပ်မတော်အနေဖြင့် လိုအပ်သည့် အရေးယူတုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment