လားရှိုး ဧပြီ ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်သည် လားရှိုးမြို့နယ်ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း၊ မန်ပျဉ်ကျေးရွာကို စိုက်ပျိုးရေး၊ မွေးမြူရေးကောလိပ်အဖြစ် ဖွင့်လှစ်နိုင်ရန်ရည်ရွယ်၍ စနစ်ကျ သည့် landscape ဖြင့် လယ်၊ ယာ၊ ဥယျာဉ်ခြံများ စိုက်ပျိုးနိုင်ရန်၊ ရေရရှိရေးစနစ်များနှင့် တိရစ္ဆာန်မွေးမြူရေး စနစ်များ၊ အဆောက်အဦ ဒီဇိုင်းများ တွင် solar များတပ်ဆင်နိုင်ရေး အသုံးပြုနိုင်ရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးစနစ်များ သေချာရေးဆွဲရန်နှင့် အဆင့်မီပြီး ဒေသအတွင်း စံပြဖြစ်နိုင်ရေး စီမံဆောင်ရွက်ရန် မှာကြား ခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးက ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဆောင်ရွက်နေ သော စိုက်ပျိုးရေးလုပ်ငန်းများတင်ပြခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက မွေးမြူရေးလုပ်ငန်းများတင်ပြခြင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ရေရရှိရေးသည်အဓိကဖြစ်ကြောင်း ဝန်ကြီး၏ မှာကြားချက်အပေါ် ဆည်မြောင်းတာဝန်ရှိသူမှ ရှင်းလင်းခြင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့သည်။
လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် လယ်စပါး၊ ယာစပါးများတွင် အထွက်ကောင်း မျိုးသန့်များ တိုးချဲ့စိုက်ပျိုးရေး၊ ကောက်ညှင်းစပါးမျိုးသန့်များ တိုးချဲ့စိုက်ပျိုးရေးနှင့် ဒေသအတွင်း ဆီဖူလုံရေး အတွက် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ဒေသအတွင်းစိုက်ပျိုးထားသော ဆီမုံညှင်း၊ ပန်းနှမ်းများ နေရာတွင် အထွက်နှုန်းကောင်းမွန်သော ကနိုလာ ဆီမုံညှင်းများ တိုးချဲ့စိုက်ပျိုးရေး ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လားရှိုးမြို့ပြည်သူများ သောက်သုံးရေ ဖူလုံစေရေး စီမံထားရှိသည့် နမ့်ကျန်ရေလှောင်တမံအား ရေပိုမိုလှောင်နိုင်ရန် တာတမံနှင့် ရေပိုလွှဲ မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းအဖြစ် စနစ်တကျ လုပ်ဆောင်နိုင်ရေး အထူးမှာကြားပြီး ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဟန်ဌေး
No comments:
Post a Comment