မျိုးမြတ်မိုး (MANA)
မိုးရာသီ၌ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း စသည့် ဘေးဒုက္ခအန္တရာယ်များကို တစ်နေရာမဟုတ် တစ်နေရာ၌ အမြဲတစေ ရင်ဆိုင်ကြုံတွေ့ရသကဲ့သို့ မိုးကြိုးအန္တရာယ်ကိုလည်း အချိန်မရွေး ကြုံတွေ့ရနိုင်သဖြင့် ယခုမိုးကြိုကာလတွင် ပိုမိုသတိထားကြရမည်ဖြစ်သည်။
မိုးကြိုးအန္တရာယ်သည် မိုးရာသီကာလတွင်
ကြီးမားလှသော အန္တရာယ်တစ်ခုဖြစ်ပြီး မိုးကြိုးပစ်ခံရမှုကြောင့် လူနှင့်တိရစ္ဆာန် သေဆုံးမှုများ
နှစ်စဉ်မြင့်တက် လာလျက်ရှိသည်။ တိမ်တိုက်ချင်း လျှပ်ကူးမှုသည် မိုးခြိမ်းမှုနှင့် လျှပ်စီးလက်မှုများဖြစ်စေပြီး
တိမ်တိုက်နှင့် မြေပြင်၊ မြေပြင်နှင့် တိမ်တိုက်ကြား လျှပ်ကူးမှုကို မိုးကြိုးပစ်သည်ဟု
ဆိုသည်။ မိုးကောင်းကင်ထက်မှ မြေကြီးပေါ်သို့ မိုးကြိုးပစ်ရန် တာစူနေသော လျှပ်စစ်မုန်တိုင်းပေါင်း
တစ်နေ့လျှင် ၁၈ဝဝ ခန့် ရှိသည်။ တစ်စက္ကန့်တွင် ပစ်သော မိုးကြိုးအရေအတွက်ပေါင်း ၆၀၀
ခန့်ရှိပြီး မြေပြင်သို့ကျရောက်သော အရေအတွက်မှာ ၁ဝဝ ခန့်ရှိသည်။ ၂၄ နာရီအတွင်း ကမ္ဘာမြေကြီးပေါ်သို့
မိုးကြိုးအကြိမ်ပေါင်း ၈ ဒသမ ၅ ကြိမ်ခန့် ပစ်သည်။
အလွန်ကြောက်မက်ဖွယ်ကောင်း
မိုးကြိုးပစ်သည့်အချိန်တွင် လျှပ်စီးအင်အားမှာ
အမ်ပီယာ သုံးသောင်းခန့်မှ နှစ်သိန်းခန့်အထိ ဖြစ်ပေါ်နိုင်သည်ဟုဆိုရာ အလွန်ကြောက်မက်ဖွယ်ကောင်းသော
လျှပ်စီးအားဖြစ်သည်။ မိုးကြိုးပစ်ခံရသည့် အခြေအနေများတွင် အဆောက်အအုံများ၏ပြင်ပ၌ ၉၉
ရာခိုင်နှုန်းဖြစ်ပြီး အဆောက်အအုံများအတွင်း၌ တစ်ရာခိုင်နှုန်းသာ ရှိသည်ဟုဆိုသည်။ ကွင်းပြင်အနေအထား၌
ရောက်ရှိနေပါက မိုးကြိုးပစ်ခံရနိုင်ခြေ အများဆုံးဖြစ်ပြီး ၄၅ ရာခိုင်နှုန်းရှိသည်။
သစ်ပင်အောက်တွင်ရှိနေပါက ဒုတိယအများဆုံးဖြစ်ပြီး ၂၃ ရာခိုင်နှုန်း၊ ရေကန်၊ မြစ်ချောင်း၊
အင်းအိုင် စသည့် ရေနှင့်ထိစပ်မှုရှိနေသော နေရာများ၌ ရှိနေချိန်တွင် တတိယအများဆုံး မိုးကြိုးပစ်ခံရနိုင်ခြေရှိပြီး
၃ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။ သေဆုံးဒဏ်ရာရသူများကို လေ့လာကြည့်ပါက ကွင်းပြင်တွင် လမ်းလျှောက်နေချိန်၌
ဖြစ်ပွားမှု ၂၂ ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး အကြောင်းအရာ မဖော်ပြနိုင်သော အခြေအနေအရ
ဖြစ်ပွားမှု ဒုတိယအများဆုံး ၁၄ ရာခိုင်နှုန်းဖြစ်သည်။ သစ်ပင်အနီးတွင် ဖြစ်ပွားမှုက
၁ဝ ရာခိုင်နှုန်းဖြင့် တတိယအများဆုံးဖြစ်သည်။ အဆောက်အအုံများ ဆောက်လုပ်နေစဉ် အဆောက်အအုံပေါ်၌
ပစ်ခံရမှုမှာ ၉ ရာခိုင်နှုန်းရှိပြီး ယာဉ်ပေါ်နှင့် ထွန်စက်ပေါ်၌ ပစ်ခံရမှုက ၇ ရာခိုင်နှုန်းရှိသည်ဟု
လေ့လာမှုစစ်တမ်းများက ဖော်ပြထားသည်။
အဆောက်အအုံအမြင့်များ၊ တောင်ကုန်းမြင့်များ၊
ကွင်းပြင်ရှိ သစ်ပင်များ၊ တာဝါတိုင်များ၊ ချွန်ထက်သော အဆောက်အအုံများနှင့် လယ်ကွင်း၊
မြစ်ချောင်းအင်းအိုင်စသော ကွင်းပြင်များ စသည်တို့သည် မိုးကြိုးအပစ်ခံရနိုင်ခြေ အများဆုံးနေရာများဖြစ်သည်ကို
သိထားကြရမည်။ ကွင်းပြင်၌ရောက်ရှိနေချိန် ဆံပင်များအပေါ်သို့ ထောင်လာခြင်း၊ ခန္ဓာကိုယ်၌
ကြက်သီးမွေးညင်းများ ထလာပါက မိမိရောက်ရှိနေသည့် နေရာဝန်းကျင်အနီး မိုးကြိုးပစ်မည်ဆိုသည်ကို
သတိပြုကြရမည်ဖြစ်သည်။ မိုးကြိုးအန္တရာယ်ကို ဆိုင်ကယ်စီးသူ၊ ကားစီးသူ၊ ဆိုက်ကား၊ မြင်းလှည်းစီးသူများလည်း
ခံရနိုင်သည်။
လျစ်လျူရှုနေကြ
တချို့က မိုးကြိုးအန္တရာယ်ကို မျက်ကွယ်ပြု
လျစ်လျူရှုနေကြသော်လည်း မိုးကြိုးအန္တရာယ်ကို ကိုယ်တွေ့ ခံစားနေကြရသူများကား ချောက်ချားကြောက်လန့်
နေကြရသည်။ လူများကို သာမက သစ်ပင်မျိုးစုံကိုလည်း မိုးကြိုးပစ်လေ့ရှိသည်။ လူနှင့် ကျွဲ၊
နွား တိရစ္ဆာန်များ၊ အဆောက်အအုံများနှင့် သစ်ပင်များ၊ ဘုရားစေတီ အချို့ပင်မကျန် မိုးကြိုးအန္တရာယ်ဒဏ်ကို
နှစ်စဉ်ခံနေကြရသည်။
ရာသီဥတုဖောက်ပြန်မှုအပေါ်မူတည်ပြီး လျှပ်စီးလက်ခြင်းနှင့်
မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နေလေ့ရှိသည်။ မြန်မာနိုင်ငံတွင် မုတ်သုံရာသီအကြို ကာလများမှာ
နေ့အပူချိန် မြင့်တက်လာသည့်အခါ လေအပူများက အထက်အမြင့်သို့ တက်ကုန်ကြသည်။ လေအပူများ
အထက်သို့ တက်သွားသောအခါ ထိုနေရာသို့ ပတ်ဝန်းကျင်လေထုက အစားထိုးတိုက်ခတ် ဝင်ရောက်လာကြသည်။
ထိုအစားထိုး ဝင်ရောက်တိုက်ခတ်လာသော လေများက တိမ်တောင်များကို သယ်ဆောင်လာခဲ့ကြသည်။ ထိုတိမ်တောင်များသည်
မြန်မာနိုင်ငံ၏ အနောက်တောင်ဘက်ရှိ ပင်လယ်သမုဒ္ဒရာများမှ ဖြတ်သန်းလာခဲ့ရသောကြောင့် ရေခိုးရေငွေ့များ
ဖွဲ့စည်းပါဝင်လာခဲ့ကြသည်။ အပူချိန်ကွာခြားမှုနှင့် တိမ်တောင်များ ရွေ့လျားမှုအပေါ်မှာ
အခြေခံပြီး ထိုတိမ်တောင်တွေထဲမှာ တည်ငြိမ်လျှပ်စစ်အဖိုနှင့် အမဓာတ်များ ဖြစ်ပေါ်လာသည်။
ထိုတည်ငြိမ်လျှပ်စစ် ဓာတ်အားများသည် မျိုးတူချင်း စုစည်းလာကြရာမှ အင်အားပမာဏဗို့အား
သန်းချီပြီး ကြီးထွားလာသည်နှင့် တစ်ပြိုင်နက် ဆန့်ကျင်ဘက်ရှိရာ အရပ်သို့ ခုန်ကူးကြလေ့ရှိသည်။
အဖိုဓာတ်စုနေသော တိမ်တိုက်က အမဓာတ်စုနေသော တိမ်တိုက်ဘက်သို့ ခုန်ကူးကြသကဲ့သို့ မူလကတည်းက
အမဓာတ်ဖြစ်နေသော မြေကြီးသို့လည်း ခုန်ကူးကြသည်။ ခုန်ကူးသည့်သဘောမှာ လျှပ်စစ် စီးဆင်းမှုပင်ဖြစ်သည်။
မိုးကြိုးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ကြစေရေးအတွက် ကျွမ်းကျင်သူပညာရှင်များက ဆောင်သင့်ရှောင်သင့်သည်များကို
နှစ်စဉ်ထုတ်ပြန်လှုံ့ဆော် သတိပေးလေ့ရှိသည်။
ပစ်ကွင်းပစ်မှတ်များ
တိမ်တိုက်တစ်ခုနှင့်တစ်ခုအကြား၊ တိမ်တိုက်နှင့်မြေပြင်အကြား
ကြားခံထားသော လေထုသည် သာမန်အချိန်တွင် လျှပ်စစ်ဓာတ်အား မဖြတ်နိုင်သော်လည်း တည်ငြိမ်လျှပ်စစ်စုစည်းမှုပမာဏ
များပြားလာချိန်နှင့် လေထုအတွင်း ရေငွေ့ပါဝင်မှု များပြားလာချိန်တွင်မူ ဖွဲ့စည်းမှု
ပျက်စီးသွားကာ လျှပ်စစ်စီးဆင်းရန် လမ်းကြောင်းပွင့်သွားခဲ့သည်။ လျှပ်စစ်စီးဆင်းမှု
သဘာဝအရ စီးဆင်းလိုသောအရပ်သို့ အတိုဆုံးလမ်းကြောင်းမှသာ စီးဆင်းလေ့ရှိရာ မြင့်မားလွန်းသော
သစ်ပင်ကြီးများ၊ အဆောက်အအုံများ၊ လျှပ်စစ်နှင့်ဆက်သွယ်ရေးတာဝါတိုင်များ၊ ကြားခံမရှိကြသော
လွင်တီးခေါင်ခေါင် ကွင်းပြောင်ပြောင်နှင့် လယ်ကွင်းပြင်များသည် မိုးကြိုးစက်ကွင်း မလွတ်ကင်းနိုင်သော
ပစ်ကွင်းပစ်မှတ်များ ဖြစ်နေကြသည်။ မိုးကြိုးအန္တရာယ်က လျှပ်စစ်ဓာတ်လိုက်သကဲ့သို့ အလွန်ပင်
ကြောက်မက်ဖွယ်ကောင်းပါသည်။ မည်ရွေ့မည်မျှပင် ခေတ်မီတိုးတက်နေ ကြစေကာမူ မိုးကြိုးအန္တရာယ်ကို
ကြိုတင်ကာကွယ်နည်းများကလွဲ၍ မိုးကြိုးဘေးမှ ကင်းဝေးအောင် မည်သူမျှ မလုပ်ဆောင်နိုင်ကြသေးပေ။
မိုးကြိုးပစ်ခြင်းကို လွဲအောင် မိုးကြိုးလွှဲဖြင့် ကာကွယ်နေကြရုံသာ တတ်နိုင်ကြသည်။
မိုးကြိုးလွှဲများ တပ်ဆင်ထားကြပါ
အဆောက်အအုံများ မိုးကြိုးလွှဲများ တပ်ဆင်ထားကြပါ။
ကွင်းပြင်တွေထဲမှာ လျှပ်စီးလက်လာပါက မြေပြင်မှာဝပ်ချ လိုက်ကြပါ။ မုတ်သုံအကြိုကာလ၊ မိုးဦး
လေဦး ကျချိန် လယ်ယာလုပ်ငန်းခွင်သို့ ဝင်ကြလေ့ရှိသော တောင်သူလယ်သမားများအနေဖြင့် လျှပ်စီးလက်၊
မိုးထစ်ချုန်းသည်နှင့်တစ်ပြိုင်နက် ထီးထီးကြီး မတ်တတ်ရပ်ပြီး အလုပ်လုပ်ကိုင်နေခြင်းကို
ရပ်လိုက်ကြပါ။ ရောက်သည့်နေရာမှာပဲ ဝမ်းလျားမှောက်နေကြပါ။ ကွင်းပြင် လယ်တဲများမှာ နေကြသူများ
အထူးသတိပြုနေကြပါ။ ကွင်းပြင်ကျယ်တွင် လူစုလူဝေးဖြစ်နေပါက အမြန်ဆုံးလူစုခွဲပါ။ စက်ဘီး
/ ဆိုင်ကယ်ပေါ်တွင် ရောက်ရှိနေပါက အမြန်ဆုံးဆင်းပါ။ လျှပ်စီးလက်ခြင်း၊ မိုးထစ်ချုန်းခြင်း
ငြိမ်သက်ရပ်ဆိုင်းသွားပြီး နာရီဝက်ကြာမှ လုပ်ငန်းပြန်လုပ်ကြပါ။ မြင့်မားသော အဆောက်အအုံများနှင့်
မြင့်မားသော သစ်ပင်များအောက်မှာ မိုးခိုခြင်းကို ရှောင်ကြဉ်ကြပါ။ လျှပ်စီးလက် မိုးထစ်ချုန်းနေချိန်
သမံတလင်းပေါ်မှာထိုင်နေခြင်း၊ အလုပ်လုပ်နေခြင်း၊ နေအိမ် သံပန်းတံခါးများကို ကိုင်ထားခြင်း၊
သံရေပိုက်များကို ကိုင်ထားခြင်း၊ ထိကပ်နေခြင်း၊ သွပ်နန်းကြိုးမှာ အဝတ်လှန်းခြင်း၊ အဝတ်ရုပ်ခြင်း
မပြုလုပ်ကြပါနှင့်။ သွပ်ဆူးကြိုးကာထားသော ခြံစည်းရိုး၊ သံထည်ပစ္စည်း၊ သံလမ်းများအနီးတွင်
မနေပါနှင့်။ လျှပ်စီးလက်၊ မိုးထစ်ချုန်း နေချိန်မှာ တီဗွီကြည့်ခြင်း ရှောင်ကြဉ်ပါ။
လျှပ်စစ်နှင့် ဆက်သွယ်ရေးတာဝါတိုင်များအနီးမှာ ရောက်ရှိနားခိုခြင်း မပြုကြပါနှင့်။
နေအိမ်များနှင့် ရုံးဌာနအဆောက်အအုံများမှာ ရေစိုနေသော ဝါးများ၊ သစ်သားတိုင်များကို
စိုက်ထူမထားကြပါနှင့်။ မိုးလေဝသအထူးသတင်း ကြေညာချက်များကို ဂရုစိုက်နားထောင်ကြပါ။ နေ့စဉ်ထုတ်သတင်းစာများက
ဖော်ပြထားသော မိုးလေဝသသတင်းများကို အလေးထား ဖတ်ရှုမှတ်သားလိုက်နာကြပါ။
ကြိုတင်ကာကွယ်
မိုးခြိမ်းသံကြားရသည်နှင့် ခိုင်ခံ့သော
အဆောက်အအုံ သို့မဟုတ် မော်တော်ယာဉ်တွင်းသို့ ခိုဝင်ရမည်။ မော်တော်ယာဉ်တံခါးကိုလည်း
အသေအချာ ပိတ်ထားရမည်။ နွားတင်းကုပ်ကဲ့သို့ သေးငယ်သော အဆောက်အအုံများ၌ ခိုလှုံခြင်းမပြုရ၊
ခိုလှုံစရာနေရာ မရှိပါက မိမိလက်နှစ်ဖက်ဖြင့် နားကိုအုပ်ထားပြီး ဆောင့်ကြောင့်ထိုင်ချကာ
ခြေချောင်းများ၊ ရှေ့ခြေဖဝါးများဖြင့်သာ မြေကြီးကို ထိထားရမည်။ လူအုပ်စုလိုက်ဖြစ်ပါက
တစ်ဦးနှင့် တစ်ဦး ၁၅ ပေခန့် ခွာနေရမည်၊ ရေများနှင့်လည်း ထိတွေ့ဆက်စပ်နေ ခြင်းမပြုရချေ။
အိမ်တွင်း၌နေစဉ် ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ အိုးခွက်ပန်းကန်ဆေးခြင်းများ မပြုရ။
သတ္တုပစ္စည်းများပါဝင်သော အဝတ်လှန်းကြိုးများ၊ ခြံစည်းရိုးများနှင့် ဝေးဝေးနေရမည်။
လိုင်းကြိုးဖုန်းများအစ ကွန်ပျူတာ၊ တီဗွီ စသည့် လျှပ်စစ်အသုံးအဆောင်များ အသုံးမပြုရ။
ပြတင်းပေါက်များအနီးတွင် မနေရ စသည့် နည်းလမ်းများအတိုင်း လုပ်ဆောင်ခြင်းဖြင့် မိုးကြိုးအန္တရာယ်ကို
ကြိုတင်ကာကွယ်ကြရမည် ဖြစ်သည်။
မိုးကြိုးပစ်ခံရသူများ၏ သုံးပုံနှစ်ပုံမှာ
အိမ်အပြင်တွင် ပစ်ခံရခြင်းဖြစ်ပြီး မိုးကြိုးပစ်ခံရသူ သုံးဦးတွင် နှစ်ဦးသာ အသက်ရှင်သည်။
သေဆုံးသူများ၏ ၈၅ ရာခိုင်နှုန်းမှာ လူငယ် လူရွယ် ယောက်ျားလေးများ ဖြစ်သည်။ မိုးကြိုးပစ်ခံရသူများကိုကြည့်လျှင်
လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသည့် ကျေးလက်နေပြည်သူများ အများဆုံးဖြစ်ကြောင်း သိရသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့်
လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးများကြွေခြင်း၊ သစ်ပင်များပြိုလဲကာ နေအိမ်အဆောက်အအုံများ
ပျက်စီးခြင်း ဖြစ်ပေါ်လျက်ရှိသည်။
မိုးကြိုးအန္တရာယ်ကို ကျေးလက်နေပြည်သူများ
ရာခိုင်နှုန်းအများဆုံး ကြုံတွေ့နိုင်သဖြင့် မိုးကြိုးအန္တရာယ်နှင့်ပတ်သက်သော အသိပညာပေးမှုများ
အများဆုံးလိုအပ်သည်။ ကျေးလက်နေ ပြည်သူများသာမက ပြည်သူအားလုံးက မိုးကြိုးအန္တရာယ်ကို
ကြိုတင်ကာကွယ်နိုင်ရန် သက်ဆိုင်ရာမှ သတိပေးထုတ်ပြန်ချက်များကို အထူးဂရုပြု လိုက်နာသင့်ပါကြောင်း
တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။

No comments:
Post a Comment