ဒေါက်တာ ခိုင်ခိုင်ဝင်း
မြေဆိုသည်မှာ လူတစ်ဦးချင်းမှသည် နိုင်ငံအထိ အရေးပါသည့်အရာ ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအစိုးရများအနေဖြင့် မြေကိုအသုံးပြုရပါသည်။ ကားလမ်း၊ ရထားလမ်း ဖောက်ခြင်းများ၊ တံတားကြီးများ တည်ဆောက်ခြင်း၊ လေယာဉ်ကွင်းများ တည်ဆောက်ခြင်း၊ ခရိုင်ချင်းဆက်၊ မြို့နယ်ချင်းဆက်၊ ကျေးရွာချင်းဆက် လမ်းများဖောက်လုပ်ခြင်းများ၊ အမြန်လမ်းမနှင့် လမ်းမကြီးများချဲ့ထွင် ဆောင်ရွက်ခြင်း၊ တစ်ခါတစ်ရံ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံဆောက်လုပ်ခြင်းများ စသည့် မြေအသုံးပြု ဆောင်ရွက်မှုများကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် နိုင်ငံ၏ လူမှုစီးပွား တိုးတက်ရေးအတွက် ဆောင်ရွက်ရသည်လည်း ဖြစ်ပါသည်။ လူတစ်ဦးချင်းအနေဖြင့် ကြည့်မည်ဆိုပါကလည်း မြေယာပိုင်ဆိုင်မှုရရှိခြင်းသည် အဆိုပါပုဂ္ဂိုလ်၏ လူမှုစီးပွား တိုးတက်မှုနှင့် ဆက်နွှယ်နေသည်လည်း ဖြစ်ပါသည်။
မြေအခွင့်အရေးပြဿနာ
လူ့အခွင့်အရေး ပြဿနာများထဲတွင် မြေအခွင့်အရေး
(Land Right)သည် တစ်ခုအပါအဝင်ဖြစ်ပြီး ဖြေရှင်းရန်ခက်ခဲနက်နဲသည့် ပြဿနာတစ်ရပ်လည်း ဖြစ်ပါသည်။
လူသားတစ်ဦးအတွက် လူ့အခွင့်အရေးများ ရရှိခံစားဖို့ရာ လိုအပ်သည်ဖြစ်ရာ အဆိုပါ လူ့အခွင့်အရေးများထဲတွင်
Land Rights သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ သို့ရာတွင် Right to land ဟု တသီးတသန့်
သတ်မှတ်ထားသည့် အခွင့်အရေးဆိုသည်ကား နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများတွင် မရှိဘဲ
Right to land နှင့် ဆက်နွှယ်နေသည့် အခွင့်အရေးများဖြစ်သည့် Property Right ၊ အဆိုပါ
Property Right အတွက် အမျိုးသမီးများ တောင်းဆိုမှုများတွင် ခွဲခြားမှုမရှိရေး၊ တိုင်းရင်းသားများ၏
ယုံကြည်မှုဓလေ့ထုံးတမ်းနှင့် ၎င်းတို့နေထိုင်ရာမြေကို ၎င်းတို့ပိုင်ဆိုင်သည်ဆိုသည့်
ယဉ်ကျေးမှုအခွင့်အရေးကို လက်ကိုင်ထားကာ တောင်းဆိုကြသည့် တိုင်းရင်းသားလူမျိုးများ၏
အခွင့်အရေးများမှသည် Land Right နှင့် အမျိုးသမီးအခွင့်အရေး၊ တိုင်းရင်းသားလူမျိုးများ၏
အခွင့်အရေးများဟု ဆက်စပ်ပါဝင်လာသည်ဖြစ်ရာ Land Right ၊ Property Right ၊ women
Right၊ Ethnic Right အကြောင်းအရာများသည် ယနေ့ခေတ်စားနေသည့် မြေနှင့် လူ့အခွင့်အရေး
ဆက်နွှယ်နေမှုများပင် ဖြစ်ပါသည်။ land Right သည် တစ်ဦးချင်းအခွင့်အရေး (Individual
Right) ဖြစ်သကဲ့သို့ ရံဖန်ရံခါ အုပ်စုလိုက်အခွင့်အရေး (Group Right) လည်း ဖြစ်ပါသည်။
မြေယာပိုင်ဆိုင်လိုမှု အခွင့်အရေးအတွက်
တောင်းဆိုလာသည့်အကြောင်းအရာ ပြဿနာများသည် ရှေးယခင်ကပင်ဖြစ်ပွားခဲ့၊ ယခုလည်း ဖြစ်ပွားဆဲ၊
နောင်လည်း ဖြစ်ပွားလာနိုင်သည့် ပြဿနာများဖြစ်ပါသည်။ လူသားတစ်ဦးအတွက် မြေယာပိုင်ဆိုင်ရရှိမှု
အခွင့်အရေးသည် ရရှိခံစားခွင့်ရှိသည့် အခွင့်အရေးဖြစ်သော်လည်း မည်သည့်မြေကို မည်သို့ပိုင်ဆိုင်သည်ဆိုသည့်
ပိုင်ဆိုင်မှု၊ အကြောင်းပြချက် အထောက်အထားများသည် မြေယာပိုင်ဆိုင်ခွင့်ကို ရရှိခံစားခွင့်
ရှိ၊ မရှိ ဆိုသည်နှင့် တိုင်းတာဆုံးဖြတ်ကြသည်လည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် မြေဟုဆိုရာတွင်
မြေအမျိုးမျိုး ရှိပါသည်။ မြို့မြေ၊ ရွာမြေ၊ စိုက်ပျိုးမြေ၊ ကျေးရွာဘုံမြေ၊ သာသနာ့မြေ၊
သိမ်မြေ၊ သုသာန်မြေ၊ စားကျက်မြေ၊ သတ္တုတွင်းမြေ၊ ရထားလမ်းမြေ၊ လမ်းမြေ၊ ဆည်မြောင်း၊
တာတမံ၊ ဆည်၊ မြစ်ချောင်း၊ အင်းအိုင်မြေ၊ စက်ရုံမြေ၊ လေယာဉ်ကွင်းမြေ၊ တပ်မြေ၊ ရေအောက်မြေ၊
ကန်မြေ စသည်တို့အပြင် အမျိုးအစား ခွဲခြားခြင်းမပြုနိုင်သောမြေ (Unclassified
Areas)များနှင့် အခြားမြေအမျိုးအစားများလည်း ရှိပါသည်။ ထိုမြေများအနက်မှ တစ်ဖန်ပြန်၍
ခွဲခြမ်းရာတွင် စိုက်ပျိုးမြေများထဲမှ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊
နှစ်ရှည်စိုက်ပျိုးမြေ၊ ဓနိမြေ၊ ဥယျာဉ်ခြံမြေ၊ ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးသည့်
ခြံမြေ၊ မြေနု ကျွန်းမြေ၊ ရွှေ့ပြောင်းတောင်ယာမြေဟူ၍ ခွဲခြမ်းထားပါသည်။ လမ်းမြေတွင်လည်း
ဆောက်လုပ်ရေးလမ်းမြေ၊ စည်ပင်သာယာလမ်းမြေ၊ ကျေးလက်လမ်းမြေဟူ၍ ခွဲခြား ထားသကဲ့သို့ သတ္တုတွင်းမြေကိုလည်း
ဓာတ်သတ္တု ကန့်သတ်နယ်မြေ၊ ရတနာမြေ၊ ရေနံစွမ်းအင်မြေဟူ၍ ထပ်မံခွဲခြားထားပါသည်။
ရှုပ်ထွေးကွဲပြား
မြေဟုဆိုရာတွင် မြေအမျိုးမျိုး၊ နာမည်အမျိုးမျိုးဖြင့်
ရှုပ်ထွေးသကဲ့သို့ ပိုင်ဆိုင်ခွင့် တောင်းခံခြင်းနှင့်စပ်လျဉ်း၍လည်း ဖြေရှင်းဆောင်ရွက်ရသည့်
နည်းလမ်းများသည် မြေအမျိုးအစားအပေါ် မူတည်ပြီး ရှုပ်ထွေးကွဲပြားသည်လည်း ဖြစ်ပါသည်။
မြေအမျိုးမျိုးရှိသကဲ့သို့ တည်ဆဲမြေဆိုင်ရာ ဥပဒေများလည်း အမျိုးမျိုးရှိနေပါသည်။ မြေပိုင်ဆိုင်မှု
အရှုပ်အထွေးများသည် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ပြဿနာဖြစ်သကဲ့သို့ အထူးသဖြင့်
တိုင်းရင်းသားလူမျိုးများ နေထိုင်သူအများစုရှိရာ နိုင်ငံများတွင် ပိုမိုအဖြစ်များပြီး
ရှုပ်ထွေးသည့်ကိစ္စတစ်ရပ်လည်း ဖြစ်ပါသည်။ မြေယာအမှုများတွင် နိုင်ငံနှင့်ပြည်သူများအကြား
ဖြစ်ပွားသည်များရှိသကဲ့သို့ ပြည်သူအချင်းချင်းကြား အပြန်အလှန် ဖြစ်ပွားခြင်းမျိုးလည်း
ရှိပါသည်။
မြေယာပိုင်ဆိုင်မှုနှင့် စပ်လျဉ်းပြီး
ဆောင်ရွက်သည့် ကိစ္စရပ်များတွင် စီရင်ပိုင်ခွင့်ရှိသူများ၏ တရားမျှတမှု မရှိခြင်း (injustice)၊
ခွဲခြားဆက်ဆံခြင်းများ (Discrimination)၊ အဂတိလိုက်စားခြင်းများ (Corruption)၊ မြေယာလုယူခြင်းများ
(Land Grabbing)တို့သည် လူ့အခွင့်အရေး ထိပါးချိုးဖောက်မှုများနှင့် ဆက်စပ်နေသည်လည်းဖြစ်ရာ
မြေယာအမှုများ ပေါများသည့်နိုင်ငံသည် လူ့အခွင့်အရေးများ ထိပါးချိုးဖောက်မှုများသည်ဟုလည်း
ယေဘုယျအားဖြင့် သုံးသပ်ကြပါသည်။ လေ့လာတွေ့ရှိချက်များအရ မြေကိုပိုင်နိုင်စွာ စီမံခန့်ခွဲနိုင်သည့်
နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု အားကောင်းသည့်နိုင်ငံများ ဖြစ်လာသည်ဟု ဆိုကြပါသည်။
ရှုပ်ထွေးနက်နဲ
မြေယာပိုင်ဆိုင်မှုနှင့် စပ်လျဉ်းပြီး
ဆောင်ရွက်သည့် ကိစ္စရပ်များသည် ရှုပ်ထွေးနက်နဲသည့်အပြင် မြေအသုံးချစီမံခန့်ခွဲမှုတို့တွင်
စီမံခန့်ခွဲသူတို့၏ အလွဲအမှားများ၊ အားနည်းချက်များ၊ တည်ဆဲမြေယာဥပဒေများ၏ ရှုပ်ထွေးမှုများ၊
မြေဆိုင်ရာ တာဝန်ရှိဝန်ထမ်းတို့က ဥပဒေနှင့်အညီ ပြည်သူကို ဝန်ဆောင်မှုမပြုဘဲ မျက်ကွယ်ပြုခြင်းများ
စသည်တို့အပြင် အခြားသော အားနည်းချက်များလည်း ရှိနေသည် ဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံအတွက် မြေကိုကောင်းစွာ
စီမံခန့်ခွဲနိုင်ရန် ခိုင်မာသည့်၊ စည်းနှောင်မှုအားကောင်းသည့် ဥပဒေ လိုအပ်ပါသည်။ ခိုင်မာအားကောင်းသည့်
ဥပဒေရှိသည့်တိုင် ဥပဒေကို စီမံခန့်ခွဲသည့် လူသားများ၏ စွမ်းရည်နှင့် ဥပဒေနှင့်အညီ စီမံခန့်ခွဲမှု
အရည်အချင်း အားနည်းမည်ဆိုပါက မြေယာအုပ်ချုပ်မှု၊ ပိုင်ဆိုင်မှုအရေး ကိစ္စများတွင် အုပ်ချုပ်မှုလျော့ရဲကာ
ပြဿနာများ ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။
ဥပဒေဟုဆိုရာတွင်လည်း မြန်မာနိုင်ငံအနေဖြင့်
မြေယာနှင့်ပတ်သက်ပြီး ဌာနအလိုက် မြေစီမံခန့်ခွဲခြင်းနှင့်
တည်ဆဲမြေဆိုင်ရာ ဥပဒေများကို ကြည့်မည်ဆိုပါက များပြားလှပြီး အုပ်ချုပ်ရေး အဖွဲ့အစည်းများကသာ
ကျင့်သုံးရသော အထူးဥပဒေများဖြစ်၍ ၎င်းတို့၏ လုပ်ထုံးလုပ်နည်းနှင့် ပြစ်ဒဏ်သတ်မှတ်ချက်များ၊
အမိန့်၊ ဆောင်ရွက်ချက်များသည် တရားရေး ကဏ္ဍရှိ တရားရုံးများ၏ စီရင်ပိုင်ခွင့်နှင့်
မတူဘဲ ခွဲခြားသတ်မှတ်ချက် အချို့လည်း ရှိကြောင်း တွေ့ရပါသည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံအနေဖြင့်
လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ ကျော်က ပေါ်ပေါက်ခဲ့သည့် မြေဆိုင်ရာဥပဒေမှသည် အမျိုးသားမြေအသုံးချမှု
မူဝါဒမှတစ်ဆင့် မြေဆိုင်ရာ ထီးရိပ်ဥပဒေဖြစ်သည့် အမျိုးသား မြေဥပဒေတစ်ရပ် အမြန်ဆုံး
ပေါ်ထွန်းလာနိုင်စေရေးနှင့် လူ့အခွင့်အရေးနှင့် မြေယာပြဿနာများ လျော့နည်းပပျောက်ပြီး
နိုင်ငံ၏ လူမှုစီးပွား၊ ပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားများ အမြန်ဆုံးတိုးတက်နိုင်ပါစေကြောင်း
ဆုမွန်တောင်းလျက် ရေးသားတင်ပြအပ်ပါသည်။ ။
ကိုးကား။ ။ အသုံးချမြေယာနှင့်
အုပ်ချုပ်ရေး၊ ဦးကျော်မြင့် G.A၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ၂၀၂၂ မတ်လ

No comments:
Post a Comment