Monday, April 18, 2022

ကိုဗစ်-၁၉ ရောဂါကြောင့် ရုပ်ရှင်ပြသမှု ရပ်နားခဲ့ရသော ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသ

ရန်ကုန် ဧပြီ ၁၇

ကိုဗစ် - ၁၉ ရောဂါကြောင့် ရုပ်ရှင်ပြသမှုရပ်နားခဲ့ရသော ရုပ်ရှင်ရုံများကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ နှစ်ဆန်း ၁ ရက် ယနေ့တွင် ပြန်လည်ဖွင့်လှစ်ပြသရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ သမ္မတ ရုပ်ရှင်ရုံ၌ပြသသည့် မြန်မာရုပ်ရှင် ဇာတ်ကားကို ရုပ်ရှင်ချစ်မြတ်နိုးသူပြည်သူများနှင့်အတူ ကြည့်ရှုအားပေး သည်။

သမ္မတရုပ်ရှင်ရုံ၌ ပြန်လည် ဖွင့်လှစ်ပြသသည့် မြန်မာရုပ်ရှင် ဇာတ်ကားကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ စည်သူ ဦးကြည်စိုးထွန်းနှင့် ရုပ်ရှင်အနုပညာရှင်များ၊ ထုတ်လုပ် သူများ၊ ရုပ်ရှင်ရုံ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် ဂီတအနု ပညာရှင်များ၊ ရုပ်ရှင်ချစ်မြတ်နိုးသူ ပြည်သူများ အတူတကွကြည့်ရှုကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့နံနက်ပိုင်းတွင် သမ္မတရုပ်ရှင်ရုံ၌ ရုပ်ရှင် / ဂီတနယ်ပယ် အသီးသီးမှ ထုတ်လုပ်သူများ၊ အနုပညာရှင်များနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ မြန်မာ နှစ်ဆန်း ၁ ရက်နေ့ နှစ်သစ်ကူး အခါသမယတွင် နှစ်နှစ်ခန့်ရပ်နား ထားခဲ့ရသော ရုပ်ရှင်ရုံများကို ပြန်လည် ဖွင့်လှစ်ပြသနိုင်သည့် အတွက် လွန်စွာမင်္ဂလာရှိသည်ဟု ဆိုရမည်ဖြစ်ပါကြောင်း၊ ရုပ်ရှင်ရုံများကို ရပ်နားခဲ့ရသည့်အတွက် ရုပ်ရှင် အနုပညာဖန်တီး ထုတ်လုပ်မှုအပိုင်း၊ ပြသမှုအပိုင်း ထိခိုက်ခဲ့ရာ ရုပ်ရှင်လောကသားများသာမက ၎င်းတို့နှင့် ဆက်စပ် ပတ်သက်သူများ အားလုံး၏ လူမှုစီးပွားကိစ္စများတွင် အထိုက်အလျောက် ထိခိုက်နစ်နာမှုများ ရှိခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရုပ်ရှင်လောကသားအချို့ စားဝတ်နေရေး ထိခိုက် ခဲ့ရပြီး ၎င်းတို့၏ လူမှုစီးပွားဘဝများနှင့် အနုပညာ ဖန်တီးထုတ်လုပ်မှုများတွင် အတိုင်း အတာတစ်ခုထိ ထိခိုက်နစ်နာခဲ့ရသည့်အတွက် မိမိအနေဖြင့် လွန်စွာစိတ်မကောင်း ဖြစ်မိပါကြောင်း။

နိုင်ငံတော် ဝန်ကြီးချုပ်က ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အနုပညာရှင်များ စားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် မကြာခဏ လမ်းညွှန်ထားပါကြောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးထုတ်လုပ် မှုအပိုင်းတွင်သာမက ပြသမှု အပိုင်းများတွင် ရုပ်ရှင်လောက သားများ၏ တင်ပြချက်များနှင့် အခက်အခဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ရုပ်ရှင်ရုံများ ဖွင့်လှစ်ပြသခြင်းမရှိသည့် ရုပ်ရှင်ရုံပိုင်ရှင်များကိုလည်း အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပြသနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံတော်အစိုးရက ကိုဗစ်- ၁၉ ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ် အသီးသီးက လုပ်ငန်းရှင်များနှင့် အနုပညာရှင်များကို ပြန်လည်ကုစား ဆောင်ရွက်နိုင်ရေးအတွက် ချေးငွေများ ထုတ်ပေး၍ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယနေ့ အချိန်တွင် မသမာသူ အဖျက်သမားများက ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသမှုများကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက် ဟန့်တားကာ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေကြသည်ကို ကြားသိရသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်မိပါ ကြောင်း၊ အနုပညာရှင်များ သည်လည်း လူသားများဖြစ်သည့်အတွက် ၎င်းတို့၏ မိသားစုစားဝတ်နေရေးအတွက် အနုပညာ လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပေး ကြရမည်ဖြစ်ပါကြောင်း၊ အနုပညာလုပ်ငန်းများအား ရိုးသားစွာ လုပ်ကိုင်ဆောင်ရွက် နေသူများသည် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွှယ်ခြင်း မရှိသည့်အတွက် ၎င်းတို့အား ပြစ်တင်ဝေဖန် တိုက်ခိုက်မှုများ ပြုနေခြင်းများကို မပြုလုပ်သင့်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ယခုလို နှစ်သစ်ကူး အခါသမယတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည် အသက်ဝင် နိုးထလာစေကြောင်းနှင့် အနုပညာရှင် များနှင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝစေရေး ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

ညနေပိုင်းတွင် Skystar Hotel ၌ ရုပ်ရှင်အနုပညာရှင်များ၊ ဂီတအနုပညာရှင်များ၊ ရုပ်ရှင် ထုတ်လုပ်သူများ၊ ရုပ်ရှင်ရုံပိုင်ရှင်များအား ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသခြင်း အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇ ရက်) တွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံ ၄၈ ရုံအား ပြန်လည် ဖွင့်လှစ်ပြသလျက်ရှိရာ မြန်မာဇာတ်ကားများနှင့် နိုင်ငံခြားဇာတ်ကားများကို ရုံတင်ပြသလျက်ရှိပြီး ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် ရုပ်ရှင်ရုံများ၏ လုံခြုံရေးဆိုင်ရာများ၊ လျှပ်စစ်မီး ရရှိရေးများအပါအဝင် အခြား လိုအပ်သည်များ ကူညီဆောင်ရွက် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ များနှင့် ညှိနှိုင်းပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိသည်။

နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် (င/က)ရပ်ကွက် ဇာဝေရာလမ်းရှိ ဓမ္မဝိဟာရ ပထမကျော် စာသင်တိုက်အတွင်း တည်ထားကိုးကွယ်ထားသည့် ဇိနမာရ်အောင် စေတီတော်၌ တင်လှူပူဇော်မည့် ရွှေထီးတော်တင် လှူပူဇော်ပွဲသို့ တက်ရောက်ကြည်ညိုပြီး ဓမ္မဝိဟာရ ပထမကျော်စာသင်တိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝရုဝံသာ ဘိဝံသထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများအားလည်းကောင်း၊ ဇိနမာရ်အောင်စေတီတော်တွင် တင်လှူပူဇော် မည့် ရတနာ စိန်ဖူးတော်အားလည်းကောင်း ဆက်ကပ်ပူဇော်လှူဒါန်းခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment