နေပြည်တော် ဧပြီ ၈
အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများ အစည်းအဝေး (AFMGM Session with International Financial Institutions) ၊ (၁၈) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (18th ASEAN Central Bank Governors’ Meeting-ACGM) နှင့် (၈) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (8th ASEAN Finance Ministers’ and Central Bank Governors’ Meeting-AFMGM) များကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ယနေ့ နံနက် ၇ နာရီခွဲတွင် ကျင်းပသည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ များနှင့် အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့ အစည်းများအစည်းအဝေး (AFMGM Session with International Financial Institutions) သို့ အာဆီယံ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့်အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း တက်ရောက်သည်။
အစည်းအဝေးတွင် လက်တလောကာလ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ စီးပွားရေးအခြေအနေ အလားအလာများနှင့် ပြန်လည်ဦးမော့မှုဆိုင်ရာ အားကောင်းစေရေးမူဝါဒဆိုင်ရာ အကြံပြုချက်များ နှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်းများ (International Financial Institutions-IFIs) ဖြစ်သည့် အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrastructure Investment Bank-AIIB)၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank-ADB)၊ အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macro Research Office-AMRO)၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) နှင့် ကမ္ဘာ့ဘဏ် (World Bank-WB) တို့ က တင်ပြကြသည်။ ယင်းတို့၏ တင်ပြချက် များအပေါ် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများက သုံးသပ်ဆွေးနွေးပြောကြား ကြသည်။
ထို့နောက် နံနက် ၁၀ နာရီတွင် ကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း တက်ရောက်သည်။
ရှေးဦးစွာ (၁၈) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး သဘာပတိဖြစ်သူ ကမ္ဘောဒီးယား ဗဟိုဘဏ်ဥက္ကဋ္ဌ Mr.CHEA Chanto က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးလုပ်ငန်းများ ကြီးကြပ်ထိန်းကျောင်းသည့် အာဆီယံ အဆင့်မြင့်ကော်မတီ (ASEAN Senior Level Committee-SLC) ၏ ပူးတွဲသဘာပတိက အာဆီယံငွေရေး ကြေးရေး ပေါင်းစည်းမှုဆိုင်ရာ လုပ်ငန်းကော်မတီများ၏ ငွေရေးကြေးရေးပူးပေါင်း ဆောင်ရွက်မှု နောက်ဆုံး တိုးတက်မှု အခြေအနေများကို တင်ပြသည်။
ဆက်လက်၍ “Interoperable Data Framework & ASEAN QR Cross-Border Payments” နှင့် “Digital Connectivity Enhancement across ASEAN Member States” နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက အာဆီယံငွေကြေး ဖလှယ်မှု အစီအစဉ် (ASEAN Swap Arrangement – ASA) နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပြီး အာဆီယံ ဗဟိုဘဏ်ဥက္ကဋ္ဌများက အပြန်အလှန်ဆွေးနွေးခဲ့ကြ သည်။
ယင်းနေ့မွန်းလွဲပိုင်းတွင် (၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း တက်ရောက် သည်။
အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံစီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ကမ္ဘောဒီးယားနိုင်ငံမှ တင်ပြဆွေးနွေးသည်။ ယင်းနောက် အာဆီယံ စီးပွားရေးလုပ်ငန်းများ အကြံပေးကောင်စီ (ASEAN Business Advisory Council-ABAC)၊ ဥရောပ-အာဆီယံ စီးပွားရေး လုပ်ငန်းကောင်စီ (EU-ASEAN Business Council-ABC) နှင့် အမေရိကန်-အာဆီယံ စီးပွားရေး လုပ်ငန်းကောင်စီ (US-ASEAN Business Council-US-ABC) တို့မှ ကိုယ်စားလှယ်များက ၎င်းတို့ ဦးစားပေး ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်က ကြီးကြပ်ထိန်းကျောင်းမှုနှင့် အကဲဖြတ်သုံးသပ်မှု လုပ်ငန်း စဉ်များ၊ ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများအပါအဝင် ၂၀၂၅ အာဆီယံ စီးပွားရေး အသိုက်အဝန်း လမ်းပြမြေပုံအရ ဆောင်ရွက်လျက်ရှိသည့် လတ်တလော လုပ်ငန်းတိုးတက်မှုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြ သည်။
ဆက်လက်၍ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး ပူးတွဲသဘာပတိက အာဆီယံငွေကြေးနှင့် ငွေရေးကြေးရေးပေါင်းစည်း ရေးလမ်းပြမြေပုံ (Roadmap for Monetary and Financial Integration of ASEAN-RIA-Fin)အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် အာဆီယံစဉ်ဆက်မပြတ် ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှု (ASEAN Sustainable Finance Cooperation) ဆိုင်ရာ လုပ်ငန်းစဉ်များ၏ လုပ်ငန်းတိုးတက်မှုကို တင်ပြကြသည်။
အစည်းအဝေးတွင် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက ၂၀၂၂ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းအစီအစဉ်များ (ASEAN Chair 2022 Priorities)၊ အာဆီယံစီးပွားရေးအသိုက်အဝန်း လမ်းပြမြေပုံအရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတိုးတက်မှု (Progress of the AEC Blueprint) ၊ အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှု (Progress of Cooperation under the ASEAN Finance Ministers’ and Central Bank Governors’ Process) နှင့်စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် (၈) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (8th AFMGM) ၏ ပူးတွဲကြေညာချက် မူကြမ်းကို အပြီးသတ်ဆွေးနွေး၍ အတည်ပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment