Thursday, April 21, 2022

ကျောင်းပိတ်ရက်မှာ အကျိုးရှိစွာ

 


မြန်မာနိုင်ငံတွင် လူငယ်ဦးရေ အချိုးအစားမြင့်မားသည့်အတွက် “လူဦးရေဆုလာဘ်”ကို ရရှိနေသည်ဟုပင် ဆိုသည်။ လူငယ်ဟု ဆိုရာတွင် အသက်အားဖြင့် ၁၆ နှစ်မှ ၃၅ နှစ်အရွယ်။ ငယ်ရွယ် သူများဖြစ်သောကြောင့် ရုပ်အဆင်းအားဖြင့် နုပျိုသည်။ ခွန်အားကောင်းသည်။ စိတ်အားတက်ကြွသူများဖြစ်သလို စိတ်ကစားသည့် အရွယ်။ အတုမြင်အတတ်သင်သည့် အရွယ်လည်း ဖြစ်သည်။ စင်စစ်လူငယ်ဘဝသည် ၎င်း၏ ဘဝတစ်သက်တာလုံး အတွက်အရေးကြီးသည့် အချိန်အခါအပိုင်းအခြားတစ်ခုဖြစ်သည်။ လူငယ်ဘဝ၏ ကောင်းမှု ဆိုးမှုတို့က ဘဝတစ်ခုလုံးအတွက် အဆုံးအဖြတ်ဖြစ်သွားနိုင်သည်ဟူ၍လည်း ယေဘုယျအားဖြင့် ဆိုနိုင်သည်။

လူငယ်ဘဝ၏ ရှေ့ပိုင်းကာလများမှာ ပညာသင်ကြားရမည့် အရွယ်ဖြစ်သည့်အတွက် ကျောင်းပညာ သို့မဟုတ် သက်မွေး ဝမ်းကျောင်းပညာတစ်ခုခုကို သင်ယူကြရသည်။ ယင်းနှင့် တစ်ပြိုင်တည်းမှာပင် ၎င်းရှင်သန်နေ သည့် ကာလ၏ ပတ်ဝန်းကျင် ကိုလည်း စူးစမ်းလေ့လာကာ ပတ်ဝန်းကျင်၏ အရောင်အသွေး၊ ဓလေ့စရိုက် အတိုင်း အတုယူ၊ အတုခိုးကာ လိုက်ပါနေထိုင် တတ် ကြသည်။ တစ်နည်းအားဖြင့် ပတ်ဝန်းကျင်မှ သင်ယူကြခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ လူငယ်ဘဝသင်ယူကြရာတွင် ကျောင်းသင် ပညာ၊ သက်မွေးဝမ်းကျောင်း ပညာများ သာမက ပတ်ဝန်းကျင်မှ အရာများကို သင်ယူမှုများလည်း ရှိနေကြောင်း သတိထားကြရန် လိုအပ်မည်ဖြစ်သည်။ ယခုကဲ့သို့ နည်းပညာများ တိုးတက်မြင့်မား လာသည့် ခေတ်ကာလတွင် လူငယ်များ၏ ပတ်ဝန်းကျင်၌ ၎င်းတို့ စိတ်ဝင်စားသည့်နည်းပညာများ၊ နည်းပညာဆိုင်ရာ ပစ္စည်းများက လူငယ်များအတွက် ကောင်းကျိုးရော ဆိုးကျိုးပါ ပေးနိုင်သည်ကို မိဘအုပ်ထိန်းသူများကသိနားလည်ကာ မျက်ခြည်မပြတ်ရှိကြရန် လိုသည်။

ပညာသင်ယူခြင်းဟူသည် အမှန်နှင့်အမှား၊ အကောင်းနှင့် အဆိုး၊ အကျိုးနှင့်အပြစ်တို့ကို ခွဲခြားဆန်းစစ်နိုင်ရန်၊ ဝေဖန်သိမြင် နိုင်စွမ်းရှိရန်အတွက်ဖြစ်သည်။ အသက်မွေးမှု၊ တစ်ခုပညာ ဆိုသည့် အတိုင်း အသက်မွေး ဝမ်းကျောင်းနိုင်ရန်အတွက် အတတ်ပညာ တစ်ခုခုကို သင်ယူခြင်း လည်းဖြစ်သည်။ လူငယ်တို့၏ ပညာ သင်ကြားမှု ခရီးစဉ်တစ်လျှောက်တွင် မူးယစ်ဆေးဝါးနှင့် အရက် သေစာ၊ လောင်းကစား၊ အချစ်ကိစ္စ လိင်ကိစ္စ စသည်တို့အပြင် အတွေးအခေါ်အမှားများ၊ စာကောင်းပေမွန်မဟုတ်သည့် စာများ၊ အကျင့်စာရိတ္တပျက် ယွင်းမှုများ၊ စရိုက်ဆိုးများ စသည်တို့ကလည်း အနှောင့်အယှက် အဖျက်အဆီးများအဖြစ် ပေါ်ပေါက်လာ ရှိသည်ကိုလည်း သတိမြဲမြဲဖြင့် စောင့်ကြည့်ကြရန် လိုသည်။

ယခုကာလသည် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသူ ကျောင်းသားလူငယ်များနှင့် အမိ၊ အဖ၊ အုပ်ထိန်းသူတို့ အချိန်ပိုမိုထိတွေ့ခွင့်ရသည့် ကာလဖြစ်သည့်အလျောက် လူငယ်တို့အတွက် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ အားကစား စသည့် ကျွမ်းကျင်မှုနှင့် ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့် သင်ကြားပေးမှုများ ပြုလုပ်သလို လူငယ်များ၏ ကိုယ်ကျင့်တရားနှင့် စာရိတ္တ မဏ္ဍိုင်ကြံ့ခိုင်မြင့် မားရေး၊ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေး လိမ္မာရေးတို့အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ တည်းဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားပြသ ပေးရန်၊ လမ်းညွှန်ဆုံးမမှုပြုရန် အချိန်အခါပင် ဖြစ်သည်။

လူငယ်များနှင့် နိစ္စဓူဝ ထိတွေ့မှုများပြားနေသည့် လူမှု ကွန်ရက်များ၊ နာမည်ကျော်ကြားသူများ၊ အရှိန်အဝါကြီး သူများမှ တစ်ဆင့် လူငယ်များရရှိနေသည့်အရာများတွင် ဆဲရေးတိုင်းထွာ မှုများ၊ အပြာဆန်သည့် လိင်မှုကိစ္စ များ၊ လွဲမှားနေသည့် အတွေး အခေါ်များအပါအဝင် လူငယ်များ၏ ကိုယ်အမူအရာ၊ နှုတ်အမူ အရာ၊ ရုပ်ပိုင်းစိတ်ပိုင်းတို့ကို ထိခိုက်နိမ့်ကျစေနိုင်သည်များ အများအပြား ပါဝင်နေပေရာ ကျောင်းသင်ခန်းစာများမှ အနားယူ နေသည့် ကျောင်းပိတ်ရက် ကာလအတွင်း လူငယ်များ၏ စာရိတ္တ ဗလနှင့်မိတ္တဗလတို့ ဖွံ့ဖြိုးရေးအတွက်ပါ ဝိုင်းဝန်းဆောင်ရွက်ရန် အချိန်အခါသင့်ချိန်ဟု နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment