Monday, April 18, 2022

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

 




ပဲခူး ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ ပဲခူးမြို့၊ ဥဿာဂေါက်ကွင်းအတွင်းရှိ သဘာဝရေပြင်၌ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနား ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင် အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ငါးမြစ်ချင်း၊ ငါးကြင်းရွှေဝါ၊ ငါးခုံမကြီး စုစုပေါင်း (၁၅၀၀၀၀)အား သဘာဝ ရေပြင်အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။

ထို့နောက် ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီးတွင် ပဲခူးမြို့ပေါ် ရပ်ကွက် (၃၁)ရပ်ကွက်နှင့် သပြေကုန်း ဘိုးဘွားရိပ်သာ တို့မှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနားကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှစ်ဟောင်းက နှစ်သစ်ကိုကူးပြောင်းသည့် မြန်မာ့နှစ်ဆန်း (၁)ရက်နေ့သည် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင် မင်္ဂလာရှိပြီး လန်းဆန်းသစ်လွင်သည့် နေ့ထူးနေ့မြတ်ဖြစ်ပြီး ယခုလိုနေ့ထူး နေ့မြတ်မှာ ဂါရဝေါစဆိုသည့် မင်္ဂလာတရားတော်နှင့်အညီ ရိုသေသင့် ရိုသေထိုက်သူများ၊ ပူဇော်သင့် ပူဇော်ထိုက်သူများကို ပူဇော်ကန်တော့ရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကိုသနားဆိုသည့် စကားနှင့်အညီ မိမိထက်အသက်အရွယ်ကြီးမားပြီး အတွေ့အကြုံ ရင့်ကျက်သည့် အဘိုးအဘွားများကို ပူဇော်ကန်တော့ခြင်းသည် ကုသိုလ်ကြီးမားပြီး မင်္ဂလာရှိသော ကောင်းမြတ်သည့် အစဉ်အလာတစ်ခုဖြစ်ကြောင်း၊ မိမိတို့လူငယ်၊ လူရွယ်၊ လူလတ် အားလုံးသည် အဘိုးအဘွားများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးဖြင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ အားလုံးက ဝိုင်းဝန်းအားပေးမြှင့်တင် စောင့်ရှောက်ပေးကြရမှာ ဖြစ်ပါကြောင်း၊ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် နှစ်သစ်မင်္ဂလာအခါသမယမှာ သက်ကြီးဝါကြီး ဘိုးဘွားများနှင့်တကွ တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း မေတ္တာပို့နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော တက်ရောက်လာကြသူများက အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန့်တော့ကြပြီး အလှူငွေနှင့် ကန်တော့ခံပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုပေးစကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ယနေ့အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ပေါ် ရပ်ကွက် (၃၁) ရပ်ကွက်မှ အသက် (၈၅)နှစ်အထက် အဘိုးအဘွား (၁၁၉၈)ဦးနှင့် သပြေကုန်း ဘိုးဘွားရိပ်သာမှ ဘိုးဘွား (၂၆) ဦး၊ စုစုပေါင်း (၁၂၂၄)ဦးတို့အား ပူဇော်ကန်တော့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်

 

No comments:

Post a Comment