Friday, April 8, 2022

အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးကျင်းပ

 


နေပြည်တော်     ဧပြီ   

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့နံနက် ၇နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် Virtual စနစ်ဖြင့် ကျင်းပသည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် အာဆီယံနိုင်ငံများအနေဖြင့် ကိုဗစ်-၁၉  ကမ္ဘာ့ကပ်ရောဂါအလွန် ရေရှည်တွင် ခံနိုင်ရည်ရှိပြီး စဉ်ဆက်မပြတ် တိုးတက်မှုရရှိစေရေး အတွက် အားလုံးပါဝင်ဆောင်ရွက်သွားမည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ရေးကိစ္စရပ်များ၊ ကမ္ဘာလုံးဆိုင်ရာ မသေချာမှုများရှိနေသော်လည်း  အာဆီယံ အသိုက်အဝန်းအား ညီမျှသော၊ ခိုင်မာသော၊ အားလုံးပါဝင်မှုရှိသော ရပ်ဝန်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေးအတွက်  ဦးတည်ဆောင်ရွက်နေသည့်   အာဆီယံ ဘဏ္ဍာရေး    ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ Roadmap for Monetary and Financial Integration of ASEAN (RIA-Fin) နှင့်စပ်လျဉ်းသည့် တိုးတက်မှု အခြေအနေများနှင့်   ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးနှင့် ဒုတိယဥက္ကဋ္ဌများက    နိုင်ငံအလိုက်ကြုံတွေ့ရသည့် အတွေ့အကြုံများကို အမြင်ချင်းဖလှယ်  ဆွေးနွေး ကြသည်။

တိုးတက်မှုအခြေအနေများ ဆွေးနွေး

ထို့ပြင် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသစီးပွားရေးအတွက် ပိုမိုအရေးပါလာသည့်အတွက်  ကိုဗစ်-၁၉ ရောဂါ လွန်မြောက်သည့်ကာလတွင်  ပြန်လည်ထူထောင် ရေးအစီအစဉ်များကို ပိုမိုတွန်းအားပေးဆောင်ရွက် နိုင်ရေးနှင့်  စဉ်ဆက်မပြတ်     ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ASEAN Blueprint 2025 အကောင်အထည်ဖော်ဆောင်ရွက် မှုအခြေအနေများ၊  အာဆီယံနိုင်ငံများအတွင်း ဘဏ္ဍာ ရေးပူးပေါင်းဆောင်ရွက်မှုများ၏  တိုးတက်မှုအခြေအနေများကို ဆွေးနွေးကြသည်။

အာဆီယံဘဏ္ဍာရေး   ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များတွင် အာဆီယံဒေသတွင်း ငွေလုံးငွေရင်း ဆိုင်ရာဖြေလျှော့ပေးမှုကိစ္စရပ်များ၊   အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  ကိစ္စရပ်များ၊ အာဆီယံဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင် သဘောတူညီချက် အကောင်အထည်ဖော်ရေး ကိစ္စရပ်များ၊ ငွေရေးကြေးရေးကဏ္ဍတွင် အားလုံးပါဝင်လာနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းရေးစနစ်များ     ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များ ပါဝင်သည်။

Virtual အစီအစဉ်ဖြင့် ကျင်းပ

အဆိုပါအစည်းအဝေး၏ ဆက်စပ်အစည်းအဝေး ဖြစ်သော အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယ အကြီးအကဲများနှင့်   အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ အစည်းအဝေးကို နံနက် ၇  နာရီခွဲမှ ၈ နာရီ ၄၅ မိနစ်အထိ Virtual အစီအစဉ် ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် အမေရိကန်ပြည်ထောင်စုက ၎င်း၏ အဓိက ကုန်သွယ်ဖက်ဒေသ တစ်ခုဖြစ်သည့် အာဆီယံဒေသတွင်      ကိုဗစ်-၁၉  ကပ်ရောဂါ၏ သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ကိုဗစ်-၁၉ ကာလအလွန် ဆောင် ရွက်မည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ၌  ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊  နည်းပညာ တိုးတက်မှုနှင့်အတူ     ယှဉ်တွဲပေါ်ပေါက်လာသည့် digital assets များနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊   ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးနှင့်လူမှုရေး ထိခိုက်မှုများအပေါ်  ဘဏ္ဍာရေးအစီအစဉ်များ    ချမှတ် ဆောင်ရွက်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါအစည်းအဝေးတွင်   ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ digital finance ဆိုင်ရာ  ဆောင်ရွက် မှုအခြေအနေများကို ဆွေးနွေးသည်။

ယခုကျင်းပသည့်     အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ   အစည်းအဝေး ၏ ဆွေးနွေးဆုံးဖြတ်ချက်များကို ဧပြီ ၈  ရက်တွင် ကျင်းပမည့် အာဆီယံဘဏ္ဍာရေးနှင့်    ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေးသို့    ဆက်လက်တင်ပြ အတည်ပြုဆောင်ရွက်မည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံက လက်ခံကျင်းပသွားမည်

အစည်းအဝေးသို့ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်တို့မှ ဒုတိယဝန်ကြီးများနှင့် ဒုတိယဥက္ကဋ္ဌများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြပြီး  ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့်   အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးကို အိမ်ရှင်အဖြစ်  အလှည့်ကျသည့် အင်ဒိုနီးရှားနိုင်ငံက လက်ခံကျင်းပသွားမည်ဖြစ်သည်။

၂၀၂၂ ခုနှစ် အာဆီယံအစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံက    အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး  ယခုနှစ်အတွက် အာဆီယံဆောင်ပုဒ်မှာ “ASEAN A.C.T.: Addressing Challenges Together” ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment