Wednesday, April 20, 2022

ရခိုင်ပြည်နယ် အထပ်မြင့်အဆောက်အဦ ကြီးကြပ်ရေး ကော်မတီဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ ဧပြီ ၂၀

ရခိုင်ပြည်နယ်အထပ်မြင့် အဆောက်အဦ ကြီးရေးကော်မတီဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကို ယမန်နေ့ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်း အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး ကြီးကြပ်ရေးကော်မတီ များ ဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာစည်းကမ်းများ၊ စံသတ်မှတ်ချက်များ၊ လိုအပ်သော ညွှန်ကြားချက်များ၊ ဥပဒေ ဆိုင်ရာ ထုတ်ပြန်ချက်များ သတ်မှတ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယခု အစည်းအဝေးသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ မဖြစ်မနေ သတိပြုရမည့် မြို့ပြဖွံ့ဖြိုးမှု (Urbanization) နှင့်ပတ်သက်သည့် အစည်းအဝေးဟုဆိုလျင်လည်း မမှားနိုင်ဟု ဆိုရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ ဒေသတွင်းစီးပွားရေးအခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်မှု ကြောင့် မြို့ပြဖွံ့ဖြိုးမှုသည်ျလည်း လတ်တလောကာလအတွင်း သိသိသာသာ တိုးတက်လာသည်ကို အားလုံး တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ ယှဉ်တွဲပါလာသည်က မြို့ပြအဆောက်အဦများ ဖွံ့ဖြိုးခြင်းနှင့် လူနေမှုအဆင့်အတန်းစနစ် တိုးတက်မြင့်မားလာခြင်းတို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင် ပြည်နယ်အတွင်းမှာ အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ထံသို့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ စိစစ်တင်ပြလာမှုများ ရှိလာခဲ့ပါကြောင်း၊ အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ရေးနှင့်ပတ်သက်ပြီး တင်ပြချက်များကို မိမိတို့ Cabinet  မှာဆွေးနွေးသည့်အခါ စနစ်တကျ ရှိစေရန်အတွက် အထပ်မြင့် အဆောက်အဦဆိုင်ရာ ကြီးကြပ်ရေးကော်မတီများ၊ လုပ်ထုံးလုပ်နည်း၊ စံသတ်မှတ်ချက်များ ပြဋ္ဌာန်းပေးရန်လိုအပ်လာပြီဆိုသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့်အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်မည်ဆိုလျင် စနစ်တကျစိစစ်ပြီး ခွင့်ပြု၊ ဆောက်လုပ်ကြပါမှ အဆောက်အဦ ခိုင်ခံ့မှုရှိမည်ဖြစ်သကဲ့သို့ အဆိုပါအဆောက်အဦမှာ နေထိုင်သည့်ပြည်သူများ၊ အထပ်မြင့် အဆောက်အဦ ဘေးတွင် ရှိကြသူများအတွက် ဘေးကင်းလုံခြုံမှုရှိမှာ ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မြို့ပြဖွံ့ဖြိုး တိုးတက်လာမှုများကို ယခုအချိန်မှစပြီး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဟု မြင်တွေ့ရ သည့်အတွက် ယခုကဲ့သို့ အစည်းအဝေးခေါ်ယူ ဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ QC Team များမှ တာဝန်ရှိသူများနှင့် သီးခြားဖိတ်ကြားထားသူများပါ တက်ရောက်ကြသည့်အတွက် ရှု့ထောင့်စုံက နေပြီး ဝိုင်းဝန်းဆွေးနွေးပေးကြခြင်းဖြင့် ရခိုင်ပြည်နယ်အတွက် ကောင်းမွန်သည့် ရလဒ်တစ်ခုပေါ်ထွက် လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ရခိုင်ပြည်နယ်အတွင်း အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်က အထပ်မြင့်နှင့် အများပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ တင်ပြသည်။ ဆက်လက်၍ စစ်တွေတက္ကသိုလ်ဘူမိဗေဒဌာနမှ ရခိုင်ပြည်နယ်၏ မြေမျက်နှာသွင်ပြင်၊ မြို့များတည်ရှိမှုနှင့် ငလျင်အကြောင်း အကျဉ်းချုပ်တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသော ပညာရှင်များက အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ရေးကော်မတီဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment