Tuesday, April 19, 2022

စိမ်းလန်းစိုပြည်အေးမြသည့် မြို့ပြဒေသများ တည်ဆောက်

 


လူဦးရေတိုးတက်လာခြင်းနှင့် ရွှေ့ပြောင်းနေထိုင်ခြင်း စသည့် အကြောင်းများကြောင့် နိုင်ငံအတွင်းရှိ မြို့ပြဒေသများတွင် လူနေထူထပ်လာပြီး မြို့ဧရိယာများလည်း ပိုမိုကျယ်ဝန်းလာကြသည်။ လမ်းများဖောက်လုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးတံတိုင်းများခတ်၍ ကာရံခြင်း စသည်တို့အပြင် လူများ၊ မော်တော်ယာဉ်များ စသည်တို့ကြောင့် ရှိရင်းစွဲ သဘာဝအနေအထားများ ပျက်စီးသွားခဲ့ရသလို ပတ်ဝန်းကျင်ညစ်ညမ်းမှုများလည်း ဖြစ်ပေါ်လာရသည်။

မြို့ပြများ လူနေထူထပ် ကြီးထွားလာခြင်းအားဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုများတွင် အထူးသဖြင့် မြို့တွင်းအပူချိန် မြင့်မားလာမှုကို မြို့ပြဒေသနေထိုင်သူများကိုယ်တိုင် ခံစားနေကြရသည်။ မြို့ကြီးပြကြီးဒေသများတွင် မြို့လယ်ပိုင်း လူနေရပ်ကွက်များ၌ မြေလွတ်မြေလပ်ဟူ၍မရှိဘဲ အဆောက်အအုံများ ပြည့်နှက်နေအောင် တည်ဆောက်ခြင်းအားဖြင့် အဆောက်အအုံများမှ အပူဓာတ်များထုတ်လွှတ်ခြင်း၊ နေရောင်နှင့်အလင်း ရောင်ပြန်ဟပ်ခြင်းတို့ကြောင့် လည်းကောင်း၊ လေအေးပေးစက် အပါအဝင် လျှပ်စစ်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ စက်ရုံ၊ အလုပ်ရုံများ စသည်တို့ကြောင့်လည်းကောင်း မြို့ပြများ၏ လေထုတွင် အပူချိန်များ မြင့်တက်လာရသည်။

မြို့ပြဒေသများ အပူချိန်မြင့်မားလာခြင်းအားဖြင့် မြို့နေလူထု၏ ကျန်းမာရေးကို စိတ်ပိုင်းအရရော ရုပ်ပိုင်းအရပါ ထိခိုက်စေသည်ဟူ၍ ပညာရှင်တို့က ပြောကြားထားသည်။ အပူချိန်မြင့်မားသည့် နွေရာသီကာလများတွင် ဖြစ်ပွားတတ်သည့် အပူလျှပ်ခြင်း၊ ကြွက်တက်ခြင်း၊ အမောဖောက်ခြင်း၊ နှလုံးအောင့်ခြင်းတို့အပြင် လေထုအတွင်း ဖုန်၊ အမှုန့်၊ အခိုးအငွေ့များ၊ ဓာတ်ငွေ့များနှင့် ညစ်ညမ်းနေမှုကြောင့် အသက်ရှူလမ်းကြောင်း ရောဂါများကိုပါ ဖြစ်ပွားစေသည်။ မြို့များတွင် အပူချိန်မြင့်မားလာမှုကို ကာကွယ်နိုင်သည့် နည်းလမ်းမှာ မြို့ပြအဆောက်အအုံ၊ လမ်းတံတားများနှင့် အချိုးညီစွာ သစ်ပင်များကို စိုက်ပျိုးခြင်းပင်ဖြစ်သည်။ မြို့ကြီးတစ်ခုလုံးကို တိုက်တာအဆောက်အအုံများ၊ လမ်းများ၊ ပလက်ဖောင်းများ၊ ယာဉ်ရပ်နားနေရာများ စသည့် ကွန်ကရစ်ထုထည်များဖြင့် ဖုံးလွှမ်းပိတ်ဆို့မထားဘဲ မြေအောက်ရေ စိမ့်ဝင်စေနိုင်မည့် မြက်ခင်းနှင့် ပန်းဥယျာဉ်များ၊ အရိပ်ရသစ်ပင်များကို သိပ္ပံနည်းကျ စိုက်ပျိုးပေးထားခြင်းအားဖြင့် အပူနှင့် အလင်းရောင်ပြန်များကို တားဆီးထိန်းသိမ်းပေးနိုင်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့သော ဓာတ်ငွေ့များကို စုပ်ယူထားနိုင်ခြင်း၊ သစ်ပင်ရိပ်အောက်တွင် အအေးဓာတ်ကို ရရှိစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ လေထုအရည်အသွေးကို ကောင်းမွန်စေခြင်းတို့ အပါအဝင် ကောင်းကျိုးများစွာတို့ ရရှိဖြစ်ထွန်းစေသည်။ ထို့အပြင် စိမ်းစိုလန်းဆန်း သာယာအေးမြနေသည့် သစ်ပင်ပန်းမန်တို့၏ မြင်ကွင်းများက လူများ၏စိတ်ကို ကြည်လင်လန်းဆန်းစေပြီး စိတ်ဖိစီးမှုများကို လျော့ပါးသက်သာစေခြင်းကလည်း သစ်ပင်များကပေးသည့် တန်ဖိုးကြီးမားလှသော အကျိုးကျေးဇူးပင် ဖြစ်သည်။

မြို့ပြဒေသများ လူနေထူထပ်လာမှုနှင့်အတူ မြို့များကြီးမားလာခြင်း၊ ချဲ့ထွင်လာခြင်းတို့မှာ အနာဂတ်တွင်လည်း ကြုံတွေ့လာရမည့် စိန်ခေါ်မှုများဖြစ်သည်။ မည်မျှကြီးမား ချဲ့ထွင်လာသည် ဖြစ်စေကာမူ မူလဝိသေသများကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး စနစ်တကျ ကြီးမားချဲ့ထွင်လာမှုသာ ဖြစ်စေရေး၊ ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖြစ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

No comments:

Post a Comment