Wednesday, April 13, 2022

တရားမဝင် သစ်မျိုးစုံ၊ သစ်စက် ဆက်စပ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ် သိမ်းဆည်းရမိ

နေပြည်တော် ဧပြီ ၁၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနက ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၉ ရက်တွင် အမ်းမြို့နယ်၌ တောင်သရက်ခွဲ သား ၂ ဒသမ ၀၅၇၈ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၄၄၀၄၆ ကျပ်)ကို လည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် တောင်ကုတ်မြို့နယ်၌ သင်ပုန်းခွဲသား ၄ ဒသမ ၃၃၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၃၃၈၀)ကို လည်းကောင်း စုစုပေါင်းသစ်မျိုးစုံ ၆ ဒသမ ၃၉၁၈ တန် (ခန့်မှန်း တန်ဖိုးငွေ ၄၄၇၄၂၆ ကျပ်)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရန်ကုန်မြောက်ပိုင်းခရိုင် အတွင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဧပြီ ၉ ရက်တွင် တိုက်ကြီးမြို့နယ် တဘူးရေသိုးကျေးရွာအုပ်စု အနီး၌ တရားမဝင် သစ်စက် ဆက်စပ်ပစ္စည်းများဖြစ်သည့် လွှဝိုင်းခုံ၊ ဝိတ်ဘီးနှင့် ရှပ်တန်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၀၀၀၀)ကိုလည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့ နယ်၊ ညောင်ပင်ရွာ အဝင်လမ်းအပေါ်အနီး၌ တရားမဝင် တောင်သရက်ခွဲသား သုည ဒသမ ၈၁၄၈ တန် (ခန့်မှန်းတန်ဖိုး ငွေ ၅၇၀၃၆ ကျပ်)နှင့် အဆိုပါ သစ်များ တင်ဆောင်လာသော Hino Ranger အမျိုးအစား ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ဧပြီ ၁၁ ရက်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း တရားမဝင် အခြားခွဲသားများသုညဒသမ၈၃၃၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၃၃၈)ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ၁၅၅၈၈၃၃၈ ကျပ်)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့အတူ ဧပြီ ၁၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ ID တွင်ကြေညာထားခြင်း မရှိသော အထွေထွေလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံး လျှပ်စစ် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၃၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ ၁၆ ဒသမ ၄၃၀၆ တန် (ခန့်မှန်း တန်ဖိုးငွေ ၄၉၀၉၆၁၄ ကျပ်) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့ တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ (ခန့်မှန်းတန်ဖိုး ငွေ ၃၇၂၄၅၃၇၈ ကျပ်) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment