Thursday, April 21, 2022

ကချင်ပြည်နယ်အတွင်း တိရစ္ဆာန်အစာအဖြစ် အစေ့ထုတ်ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်၍ တရုတ်နိုင်ငံသို့ တင်ပို့ရန် စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး


မြစ်ကြီးနား ဧပြီ ၂၁

ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU)ပါလုပ်ငန်းများ ကြိုတင်ပြင်ဆင်ရေး ဆပ်ကော်မတီ၏ ပဏာမ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကား ပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် မြန်မာ- တရုတ် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေးနှင့် လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အသင်းအဖွဲ့များပါဝင်သည့် ဆပ်ကော်မတီကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အချင်းချင်းပေါင်းစပ်ညှိနှိုင်းပြီး ကုန်သွယ်မှုဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍအလိုက် သီးနှံများ၊ စိုက်ပျိုးရေးအခြေခံ ထုတ်ကုန်များကို အရည်အသွေးပြည့်မီပြီး၊ တန်ဖိုးမြင့်မားစွာ တင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်၏ အကျိုးစီးပွားဖြစ်ထွန်းစေရေး၊ နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေးအတွက် အားသာချက်/ အားနည်းချက်များအပေါ် ညှိနှိုင်းသုံးသပ်အဖြေရှာပြီး ဆက်လက်ပေါင်းစပ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က တစ်သျှူးငှက်ပျောအပါအဝင် အခြားငှက်ပျောမျိုးများ တရုတ်နိုင်ငံသို့ အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ်ပါ အချက်များနှင့် စပ်လျဉ်းသည့် ငှက်ပျောစိုက်ပျိုးထုတ်လုပ်တင်ပို့ရာတွင် ငှက်ပျောစိုက်ပျိုးသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ကြိုတင်သိရှိနိုင်ရေး ပါဝါပွိုင့်ဖြင့် ရှင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များအပေါ် အကြံပြုဆွေးနွေး သုံးသပ်တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဆပ်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အဖွဲ့အစည်းများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲ (၁)နာရီတွင် အဆိုပါခန်းမ၌ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာတွင် တိရစ္ဆာန်စာအဖြစ် အစေ့ထုတ်ပြောင်းချဉ်ဖတ် (Maize Silage)အားတရုတ်နိုင်ငံသို့ စိုက်ပျိုးထုတ်လုပ်တင်ပို့မှု၊ ထုတ်ပိုးမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ကြသည်။

တိရစ္ဆာန်စာအဖြစ် အစေ့ထုတ်ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ နည်းစနစ်ကျ တိုးတက်မြင့်မားစွာ ထုတ်လုပ်နိုင်ရေးအတွက် အားပေးတိုက်တွန်းလျက်ရှိပါကြောင်း၊ ယနေ့ အစေ့ထုတ်ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်ပြီး တရုတ်နိုင်ငံတင်ပို့မည့် အစီအစဉ်သည် ပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍတစ်ရပ်ဖြစ်သည့်အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သတ်မှတ်ချက်နှင့်အညီ စိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက တိရစ္ဆာန်အစာ အစေ့ထုတ်ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေများကို သုံးသပ်ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်နှင့် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးတို့က တိရစ္ဆာန်အစာအဖြစ် အစေ့ထုတ်ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုး‌ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သတ်မှတ်ချက်နှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးနိုင်ရေး လေ့ကျင့်ပညာပေးခြင်းနှင့် ပိုးမွှားကင်းစင်ပြီး စံသတ်မှတ်ချက်နှင့်အညီ တင်ပို့နိုင်ရေးအတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ Century Sun Investment and Development Co.Ltd မှ တာဝန်ရှိသူက တာလောကြီးကျေးရွာအတွင်းရှိ မြေဧက ၂၀၀ ပေါ်တွင် အစေ့ထုတ်ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်၍ တရုတ်နိုင်ငံသို့ တင်ပို့ရန်စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အစေ့ထုတ်ပြောင်း စိုက်ပျိုးတင်ပို့မှု၊ ထုတ်ပိုးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လုပ်ထုံး၊ လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံးကူညီ ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment