ရန်ကုန် ဧပြီ ၆
မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သော ဧပြီ ၉ ရက်မှ ၁၇ ရက်အထိ အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ သွားလာမှုအဆင်ပြေ ချောမွေ့စေရန် နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထားအား မြန်မာ့မီးရထား မှ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်အထူးရထားသည် ဧပြီ ၈ ရက် ည ၇ နာရီတွင် နေပြည်တော်မှ ထွက်ခွာ၍ ရန်ကုန်မြို့သို့ နံနက်ပိုင်းတွင် ရောက်မည်ဖြစ်ပြီး ဧပြီ ၁၇ ရက် ည ၇ နာရီတွင် ရန်ကုန်မှ နေပြည်တော်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။
ဧပြီ ၄ ရက်မှ ၁၀ ရက်အထိ ရန်ကုန်-မန္တလေး အမှတ်(၃)အဆန်၊ အမှတ်(၄) အစုန်အမြန်ရထား၊ ဧပြီ ၁၇ ရက်မှ ၂၂ ရက်အထိ အမှတ်(၃)အဆန်၊ အမှတ်(၄) အစုန်အမြန်ရထားများ ပြေးဆွဲသွားမည်ဖြစ်ပြီး ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ရန်ကုန်-ပြည် အမြန်ရထားအား ရပ်နား၍ ကျန်ရထားများ ပုံမှန်ပြေးဆွဲမည် ဖြစ်သည်။
သင်္ကြန်ကာလတွင် ရန်ကုန်မြို့ပတ်ရထားအချို့ကို ရပ်နားထားမည်ဖြစ်ရာ လက်ရှိပြေးဆွဲနေသော မြို့ပတ်ရထား ငါးစင်းတွင် လက်ဝဲရစ်နှင့် လက်ယာရစ် မြို့ပတ်ရထားနှစ်စင်း ပြေးဆွဲသွားမည်ဖြစ်ပြီး မြန်မာ့နှစ်သစ်ကူးရုံး ပိတ်ရက်ကာလတွင် ရထားများကြံ့ခိုင်ရေးအတွက် ကျန်သောမြို့ပတ်ရထားများကို အနားပေးသွားမည် ဖြစ်သည်။ ရန်ကုန်-ပဲခူးရထားအား ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ရပ်နားထား မည်ဖြစ်ပြီးရန်ကုန်-အင်းစိန်-ဥက္ကံရထားကိုလည်း သင်္ကြန်ကာလ၌ ယာယီရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။
“သင်္ကြန်ကာလမှာ နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထား ပြေးဆွဲပေးသွားမှာပါ။ နေပြည်တော်က ဝန်ထမ်းတွေ ဧပြီ ၉ ရက်ကစပြီး ရုံးပိတ်မှာဖြစ်တဲ့အတွက် ၈ ရက်ညပိုင်းမှာ နေပြည်တော် ဘူတာကြီးကနေ ရန်ကုန်မြို့ကို သင်္ကြန်အထူးရထား ပြေးဆွဲသွားဖို့ရှိပါတယ်။ ရန်ကုန်ဘူတာကြီး က ဧပြီ ၁၇ ရက် ည ၇ နာရီမှာ နေပြည်တော်ကို ပြန်လည်ပြေးဆွဲသွားမှာပါ” ဟု ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ် ဦးသောင်းထိုက်က ပြောသည်။
မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်ကာလတွင် ရန်ကုန်-ပြည် အမြန်ရထား ရပ်နားထားသော်လည်း အများပြည်သူ သွားလာရေး အဆင်ပြေချောမွေ့စေရန် ပြည်စာပို့ရထားပြေးဆွဲမှုနှင့်အတူ ရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမှတ်(၁) အဆန်စာပို့ရထားကို ပြေးဆွဲသွားမည်ဖြစ်ပြီး ဝန်ထမ်းများနှင့် အများပြည်သူတို့အတွက် သင်္ကြန်အထူးရထားအဖြစ် နေပြည်တော်-ရန်ကုန် အထူးရထားအား ဧပြီ ၈ ရက်ညပိုင်းနှင့် ရန်ကုန်-နေပြည်တော်အထူးရထားအား ဧပြီ ၁၇ ရက်ညပိုင်းတို့တွင် ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ညိမ်းသူ(သတင်းစဉ်)
No comments:
Post a Comment