Monday, April 11, 2022

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၀

၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ယာဉ်ရပ်နားကွင်းရှိ ရေကစားမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

နှုတ်ခွန်းဆက်ပြောကြား

ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အတာသင်္ကြန် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေကစားမဏ္ဍပ်ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး ဦးထွန်းအုံတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကြွရောက်လာကြသူများက သပြေခက်ဖြင့် နှစ်သစ်ကူးအတာ ရေစင်ပက်ဖျန်း ပေးကြသည်။

စုပေါင်းဖျော်ဖြေ

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများက သာဂူ၊ မုန့်လုံးရေ‌ပေါ်၊ ကြာဆံချက်၊ မန်ကျည်းကျောက်ကျော၊ ရွှေရင်အေး၊ ရေခဲမုန့်၊ ကိတ်မုန့်နှင့် မုန့်လက်ဆောင်း စသည့် သင်္ကြန်ရိုးရာ စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကြပြီး အနုပညာဦးစီးဌာနမှ အနုပညာရှင် ဝန်ထမ်းများ ယိမ်းအဖွဲ့က သင်္ကြန်တေးသီချင်းများ၊ ယဉ်ကျေးမှု ယိမ်းအကများ၊ သံချပ်တို့ဖြင့် တပျော်တပါး စုပေါင်း ဖျော်ဖြေကြရာ အနုပညာရှင်ဝန်ထမ်း ယိမ်းအဖွဲ့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ပါဝင်ဆင်နွှဲ

၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်ဆင်နွှဲ ကြကြောင်း သိရသည်။

 သတင်းစဉ်

No comments:

Post a Comment