Thursday, April 21, 2022

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းဖြင့် ပုံမှန်အတိုင်းရောင်းချပေးရေး လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

 


မြစ်ကြီးနား ဧပြီ ၂၁

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် လတ်လလောပျံ့နှံ့နေသည့် စက်သုံးဆီနှင့်ပတ်သက်သည့် သတင်းအမှားများကြောင့် မြစ်ကြီးနားမြို့ရှိ စက်သုံးဆီသုံးစွဲသူပြည်သူများ စိုးရိမ်ပူပန်မှုနှင့်အတူ အလုအယက် ဝယ်ယူနေကြသည့် အခြေအနေများအပေါ် စက်သုံးဆီ လက်လီအရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းဖြင့် ပုံမှန်အတိုင်းရောင်းချနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ သိုလှောင်းဖြန့်ဖြူးရေးဌာန (မြစ်ကြီးနား)ရုံး၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံညှိနှိုင်းစဉ် ပြည်နယ်ဝန်ကြီးက စက်သုံးဆီ လက်လီရောင်းချနေသည့် အရောင်းဆိုင် လုပ်ငန်းရှင်များ၏ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေများ၊ ပြည်သူများ စိုးရိမ်ပူပန်မှုဖြင့် ဝယ်ယူမှုအပေါ် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ရောင်းချဖြန့်ဖြူးနိုင်သည့် အခြေအနေများ၊ ရောင်းချဖြန့်ဖြူးရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများ၊ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းအသိပေး ဆွေးနွေးခဲ့သည်။

ထို့အပြင် သက်ဆိုင်ရာဌာနမှ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ စက်သုံးဆီတင်သွင်းခွင့်နှင့် ပတ်သက်၍ ကြန့်ကြာမှုမရှိစေရေး ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးကာ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များက လက်ရှိ စက်သုံးဆီရောင်းချပေးနေမှုများ၊ သိရှိလိုသည်များနှင့် ပေါင်းစပ်ပေးရန် လိုအပ်သည်များအား အကြံပြု ဆွေးနွေးတင်ပြမှုများအပေါ် တာဝန်ရှိသူများအနေဖြင့်လည်း အများပြည်သူ စိုးရိမ်ပူပန်မှုများ လျော့နည်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရေး၊ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

မြစ်ကြီးနားမြို့တွင် လတ်တလောစက်သုံးဆီနှင့် ပတ်သက်သည့် သတင်းအမှားများကြောင့် ယမန်နေ့က ပြည်သူများ စိုးရိမ်ပူပန်မှုများဖြင့် စက်သုံးဆီဝယ်ယူစုဆောင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဧပြီ ၂၀ ရက်တွင် စက်သုံးဆီအရောင်းဆိုင်များ၌ ပုံမှန်အတိုင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

မျိုးမြင့်စိုး(ပြန်/ဆက်)

No comments:

Post a Comment