Wednesday, April 13, 2022

ရိုးရာမဟာသင်္ကြန်အခါ မင်္ဂလာအမှု ပျော်ရွှင်စွာပြု

 



ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက်နေ့ မဟာသင်္ကြန် အကြိုနေ့ဖြစ်သည်။ မြန်မာတို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိသော မဟာသင်္ကြန်ပွဲအခါကာလ သို့ရောက်ရှိလာပြီဖြစ်သည်။ ယခုနှစ်တွင်ကျင်းပမည့် ရိုးရာအစဉ်အလာမပျက် မဟာသင်္ကြန်ပွဲတော် ကာလသည် ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားသည့် ပွဲတော်ကာလဟု ဆိုနိုင်သည်။

ဆိုလိုသည်မှာ အစဉ်အလာမပျက်ဆင်နွှဲရမည့် သင်္ကြန်ပွဲတော်ကာလ၌ ကောင်းမှုကုသိုလ်များပြု၍ ဘေးဘယာဝေးကွာစေရေးအတွက် အသိတရားလက်ကိုင်ထားကာ ဆင်နွှဲစေလိုခြင်းဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း ယခုအချိန်ကာလ သို့ရောက်လေတိုင်း မြန်မာတိုင်းရင်းသားပြည်သူများအဖို့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသော်လည်း ၂၀၂၀ ပြည့်နှစ်မှစတင်၍ ကြုံတွေ့လာခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ကုန်လွန်ခဲ့သောနှစ်များက အပြည့်အဝပျော်ရွှင်စွာ ဆင်နွှဲနိုင်ခြင်းမရှိခဲ့ပေ။

ယခု ၂၀၂၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာရေသဘင် ပွဲတော်ကာလတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ ယခင်နှစ်များနှင့်မတူ ရောဂါဖြစ်ပွားမှု တစ်ရာခိုင်နှုန်းအောက်သို့ သိသာစွာကျဆင်း လာပြီဖြစ်သောကြောင့် ရေသဘင်ပွဲတော်ကို အပြည့်အဝဆင်နွှဲနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ မြို့နယ်အလိုက် မြန်မာ့ရိုးရာရေသဘင်ပွဲတော် ဆင်နွှဲနိုင်ရေးကိုလည်း သက်ဆိုင်ရာတို့က စည်းကမ်းဥပဒေတို့နှင့်အညီ စနစ်တကျကျင်းပနိုင်ရေးတို့ကို ဆောင်ရွက်ပေးထားပြီး ပြည်သူများအနေဖြင့်လည်း ထုတ်ပြန်ထားသော စည်းကမ်းဥပဒေများနှင့်အညီ ဆင်နွှဲကြလိမ့်မည်ဟု ယုံကြည်ပါသည်။

အခြားသတိပြုရမည့်အချက်မှာမျက်မှောက်ကာလတွင် အကြမ်းဖက်အဖျက်သမားများက အများပြည် သူတို့အား နှောင့်ယှက်ဖျက်ဆီးနေခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများလုံခြုံရေးကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသော်လည်း အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက် ရန် ကြံစည်နေသောအဖျက်သမားများ အန္တရာယ်ကိုလည်း လုံခြုံရေးသတိဖြင့် အမြဲကြည့်၍ ပြုလုပ် ကြရန်လိုအပ်ပါသည်။ ရိုးရာယဉ်ကျေးမှုပွဲတော်တွင် ပြည်သူများ ပျော်ရွှင်ကြသည်ကို မနာလိုမရှုဆိတ်သော အဖျက်သမားတို့၏ နှောင့်ယှက်မှုများကို သတိမူ၍ မသင်္ကာဖွယ်ရာတစ်စုံတစ်ခုတွေ့ရှိပါက သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပေးပို့ကြရန် လိုအပ်ပါသည်။

အခြားတစ်ခုမှာ ယခုအချိန်ကာလသည် ပူပြင်းခြောက်သွေ့သောကာလဖြစ်၍ အပူဒဏ်၊ အပူလျှပ်ခြင်းတို့ကို သတိပြုရမည်ဖြစ်သည်။ သင်္ကြန်ရေသဘင်ပွဲတော်ကာလတွင် သက်ဆိုင်ရာတို့ကပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားနှင့် သောက်သုံးရေတို့ကို အတတ်နိုင်ဆုံးအပြည့်အဝ ပေးဝေလျက်ရှိသည်ကိုတွေ့ရပြီး ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ကိုချွေတာ၊ ရေကိုချွေတာ သုံးစွဲ ကြရန် အကြံပြုတိုက်တွန်းနှိုးဆော်လိုပါသည်။ ထို့အပြင် သင်္ကြန်ပွဲတော်ကာလတွင် အရက်သေစာ သောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းတို့ကို ရှောင်ရှားကြရန်လိုအပ်ပါသည်။ ယခုအချိန်ကာလသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းသွားပြီဆိုသော်လည်း အလျှင်းမပျောက်သေးသည်ကို သတိရှိထားရန်လိုအပ်ပါသည်။ ထို့ကြောင့် အများပြည်သူတို့နှင့် စုဝေး၍ပျော်ရွှင်စွာဆင်နွှဲကြရာ၌ ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို မပစ်ပယ်ဘဲ ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသေးသည်။

မြန်မာတို့အနေဖြင့် မဟာသင်္ကြန်ပွဲတော်ကာလတွင်အစဉ်အလာမပျက် ပျော်ရွှင်စွာဆင်နွှဲကြသည်ဖြစ်၍ ယခုနှစ်ကာလတွင်လည်း တိုင်းရင်းသားပြည်သူများ စိတ်လက်ချမ်းသာစွာဖြင့် ပျော်ရွှင်စွာဆင်နွှဲနိုင်ရေး၊ နှစ်သစ်ကူးကာလတွင် ကုသိုလ်ကောင်းမှုများ တိုးပွားစေရေးတို့အတွက် တစ်ဦးနှင့်တစ်ဦး မေတ္တာ တရားထားပြီး ကောင်းသောစိတ်နှလုံးများဖြင့် ချစ်ချစ်ခင်ခင် ပြုမူဆက်ဆံကြရန် လိုအပ်ပါသည်။ ကောင်းသောစိတ်ထားနှလုံးသားများဖြင့်၁၃၈၃ ခုနှစ်မဟာသင်္ကြန် ပွဲတော်တွင် ပါဝင်ဆင်နွှဲကြပြီး ၁၃၈၄ ခုနှစ် နှစ်သစ်သို့ မင်္ဂလာရှိစွာဖြင့် ကူးပြောင်းကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

သို့ဖြစ်ရာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ခရစ်နှစ် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သည် မြန်မာတိုင်းရင်းသားပြည်သူအားလုံးတို့ အမွန်အမြတ်ထားသော ပျော်ရွှင်ဖွယ်ရာအကောင်းဆုံး ရေသဘင်ပွဲတော်ဖြစ်၍ အစစအရာရာတွင် သတိတရားလက်ကိုင်ထားပြီး အစဉ်အလာမပျက် ရိုးရာရေသဘင်ပွဲတော် ကာလကို အကောင်းဆုံးဆင်နွှဲကြရန်နှင့် ကောင်းသောစိတ်ထား၊ ကုသိုလ်တရား များဖြင့် နှစ်သစ်ကို ဖြတ်ကျော်ကြရန် တိုက်တွန်းအပ်ပါကြောင်း။   

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment