Thursday, April 14, 2022

အိန္ဒိယနိုင်ငံမှ လှူဒါန်းသော ဆန်နှင့် ဂျုံများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ထုတ်ယူဖြန့်ခွဲနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်

နေပြည်တော် ဧပြီ ၁၃

အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ဆန်နှင့် ဂျုံများ ထောက်ပံ့လှူဒါန်းလိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် ဆက်သွယ်လာမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ စုစုပေါင်း ဆန်တန်ချိန် ၁၀၀၀၀ နှင့် ဂျုံတန်ချိန် ၂၀၀ တို့ကို လက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်သည်။

အဆိုပါ အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံများအနက် ဆန်တန်ချိန် ၇၅၆၀ ပါရှိသည့် ကုန်သေတ္တာ ၂၈၀ သည် Asia World ဆိပ်ကမ်းနှင့် ဆန်တန် ၂၄၄၀ ပါရှိသည့် ကုန်သေတ္တာ ၉၀ သည် Myanmar Industry Port(MIP) ဆိပ်ကမ်းသို့ မတ် ၁၇ ရက်တွင် လည်းကောင်း၊ ဂျုံတန်ချိန် ၂၀၀ ပါရှိသည့် ကုန်သေတ္တာ ၉ လုံးမှာ မတ် ၃၀ ရက်တွင် MIP ဆိပ်ကမ်းသို့ လည်းကောင်း အသီးသီးဆိုက်ကပ် ရောက်ရှိလာရာ ဆန်နှင့် ဂျုံများ ထုတ်ယူနိုင်ရေး အတွက် သွင်းကုန်ပါမစ်၊ အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိရေး၊ အထူးအမိန့် (Special Order) ဖြင့် ထုတ်ယူခွင့်နှင့် Dilivery Order ရရှိရေးကိစ္စများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဧပြီ ၅ ရက်မှ ၁၁ ရက်အထိ ဆန်ကုန် သေတ္တာ ၄၇ လုံး (ဆန်အိတ်ပေါင်း ၂၅၃၅၄ အိတ်)၊ ဂျုံကုန်သေတ္တာကိုးလုံး (ဂျုံအိတ်ပေါင်း ၄၀၀၀) တို့ကို ထုတ်ယူခဲ့ပြီး ဖြစ်သည်။

အဆိုပါ အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများက ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့) မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားနပ်ရိက္ခာ အခက်အခဲရှိသော ပြည်သူများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ထုတ်ယူရန်ကျန်ရှိသည့် ဆန်နှင့် ဂျုံများ ကို အမြန်ဆုံး ဆက်လက်ထုတ်ယူ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ထုတ်ယူဖြန့်ခွဲမှု သယ်ယူ ပို့ဆောင်ရေးကုန်ကျစရိတ်များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ရန်ပုံငွေ(GRF)မှ ခွင့်ပြုချက်ဖြင့် ကျခံသုံးစွဲ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment