Tuesday, April 12, 2022

ကောင်းမှုကုသိုလ်ဖြင့် ဖြတ်သန်းရမည့် နှစ်သစ်မင်္ဂလာအခါသမယ

 



မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အခါသမယ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲ ဆင်ယင်နွှဲကြရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှုကို အကြောင်းပြု၍လွန်ခဲ့သည့်နှစ်နှစ်တာ ကာလအတွင်း သင်္ကြန်ပွဲတော်နှစ်ခုကို မကျင်းပနိုင်ဘဲ ကျော်လွှား ခဲ့ကြရသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အရှိန်မှာလည်း လျော့ကျလာခဲ့ရာ ဓာတ်ခွဲစစ်ဆေးတွေ့ရှိမှုများအရ နေ့စဉ်ကူးစက်မှု ရာခိုင်နှုန်းမှာ တစ်ရာခိုင်နှုန်းအောက်သို့ ရောက်ရှိနေ ခဲ့ပြီဖြစ်သည့်အလျောက် တစ်နှစ်တစ်ခါ ကျရောက်လာသည့် ရိုးရာသင်္ကြန်ပွဲကို ဆင်နွှဲရန် ပြင်ဆင်လာကြခြင်းလည်းဖြစ်သည်။

မိမိတို့ ဖြတ်သန်းခဲ့ရသည့် တစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပြည်တွင်းပြည်ပ အကြမ်း ဖက်အဖျက်အမှောင့်ဟူသော အကြောင်းတရားနှစ်ရပ်ကို အရင်းခံ၍ ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ကြရသည်။ လူစုလူဝေးမပြုလုပ်ရခြင်း၊ ရှောင်ရှားရခြင်း၊သွားလာမှုများကို ကန့်သတ်ရခြင်းစသည်တို့အပါအဝင် အတားအဆီးအကန့်အသတ်များ၊ အနှောင့်အယှက်အဟန့်အတားများနှင့် ခြိမ်းခြောက်မှုများ စသည်တို့က ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု တို့ကိုထိခိုက် စေခဲ့ပြီး စီးပွားရေးတုံ့ဆိုင်းလေးကန်ခဲ့သည်။ ဤမျှမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးကဏ္ဍများ စသည်ဖြင့်အဘက်ဘက်တွင် ရုန်းကန်ခဲ့ကြရသည်။

နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးပြောင်းရာတွင်မူ မကောင်းမှုဟူသမျှ နှစ်ဟောင်းနှင့်အတူ ကျန်ရစ်စေကာ နှစ်သစ်နှင့်အတူ အကောင်း၊ အမွန်၊ အမြတ်မင်္ဂလာတရားတို့သာ ကြုံဆုံနိုင်ပါစေကြောင်း မျှော်လင့်ဆုတောင်းကာတာသင်္ကြန်ခါသမယကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲဖြတ်သန်းကြရမည်ဖြစ် သည်။ ကာယကံဒုစရိုက်သုံးပါး၊ ဝစီကံဒုစရိုက်လေးပါး၊မနောကံ ဒုစရိုက် သုံးပါးတို့ကိုရှောင်ကြဉ်ကာ ပေးကမ်းလှူဒါန်းခြင်း၊ သီလ‌စောင့်ထိန်းခြင်း၊ တရားဘာဝနာစီးဖြန်းခြင်း၊ ရိုသေထိုက်သူ ကို ရိုသေခြင်း၊ သူတစ်ပါးကုသိုလ်အမှုကိစ္စ၌ ကူညီခြင်း၊ အမျှဝေခြင်း၊ အမျှယူ သာဓုခေါ်ခြင်း၊ တရားနာယူခြင်း၊ တရားဟောခြင်း၊ အယူဖြောင့်ခြင်း ဟူသော ပုညကြိယာ ၁၀ ပါးတို့ကို စောင့်ထိန်းကြ ရမည့် အချိန်အခါပင်ဖြစ်သည်။ နှစ်ဦးအချိန်အခါကို ကောင်းမှုကုသိုလ်များနှင့်အတူ ဖြတ်သန်းခြင်းက လာမည့်နှစ်သစ် အတွင်းကောင်းခြင်းမင်္ဂလာတို့ဆောင်ကြဉ်းလာနိုင်မည်ဟူ၍လည်း ယုံကြည်အပ်သည်။

သင်္ကြန်ကာလပြီးဆုံး၍ နှစ်သစ်သို့ ရောက်သည့်အခါ လူတိုင်းကိုယ်စီ မိမိတို့ကျရာနေရာမှ ရှေ့ခရီးသို့ ဆက်ကြရမည်။ နိုင်ငံတော်အနေဖြင့်မူ အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုဖြစ်သည့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ တိုင်းသူပြည်သားအားလုံးဘဝ၌ လုံခြုံပျော်ရွှင်စွာဖြင့် အလုပ်လုပ်ကိုင်နိုင်ရေး၊ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် လိုအပ်ချက်များကို တတ်နိုင်သမျှ ပြည့်စုံစေရေး ဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။ စားရေရိက္ခာဖူလုံပေါများရေးအတွက် စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှု များမြင့်မားတိုးတက်စေပြီး စားနပ်ရိက္ခာဖူလုံစေခြင်းဖြင့် ပြည်သူများ အာဟာရပြည့်ဝ စွာ စားသောက်နိုင်စေရန်လည်း ဆောင်ရွက်သွားရမည်ဖြစ်ရာ အထက်ပါ အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ရပ် အောင်မြင်ရန်မှာ နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှု၊ အထောက်အကူပြု အားပေးကူညီမှုများဖြင့် ပြည်သူလူထုအားကိုရယူ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ပြည်သူ့အားသာ အခရာဟု ဆိုနိုင်သည်။

မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာစွာဖြင့် မြန်မာနှစ်ကူးအခါသမယ အတာသင်္ကြန် ပွဲကို ပျော်ရွှင်ချမ်းမြေ့စွာ ဆင်နွှဲနိုင်ကြပါစေဟု မေတ္တာရေလောင်းကာ ဆုတောင်းပတ္ထနာ ပြုအပ်ပါကြောင်း။      

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

No comments:

Post a Comment