Friday, April 15, 2022

မိဿရာသီခါသင်္ကြန်နှင့် တော်ဝင်ပန်းကံ့ကော်


တင်ထက်ထက်ဇော်

ရှေးစာဆိုများက ဆယ့်နှစ်လရာသီတွင် အရေးကြီးသည့်ပွဲတော် ၁၂ မျိုးကို “သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း၊ ပဉ္စင်းတော်ခံ၊ စာရေးတံနှင့် မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊ မြင်းခင်းထွက်ဝင်၊ သဘင်မီးဖုံး၊ ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်၊ ဤသို့ယှဉ်သား၊ လစဉ်စမြဲ၊ ဆယ့်နှစ်ပွဲ” ဟု စပ်ဆိုခဲ့သည်ကို မှတ်သားရဖူးပါသည်။

သင်္ကြန်အဓိပ္ပာယ်

သင်္ကြန်ဟူသောဝေါဟာရသည် သင်္ကန္တ (ခေါ်) ပါဠိဘာသာ၊ သင်္ကြန္တ (ခေါ်) သက္ကတဘာသာတို့မှ ဆင်းသက် လာသောဝေါဟာရ ဖြစ်ပါသည်။ သင်္ကန္တ၊ သင်္ကြန္တဟူသည် ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရသည်။ တပေါင်းလတွင် မြန်မာနှစ်တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံ ရသောကာလ၊ နှစ်သစ် ကူးပြောင်းသောကာလဟု ဆိုလိုခြင်းဖြစ်ပါသည်။ နွေရာသီ၏ အပူဒဏ်ကို သင်္ကြန်ရေဖြင့် အေးမြစေသည် (ဝါ) နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြော သစ်လွင်တောက်ပသန့်စင် လာစေပါသည်။

မဟာသင်္ကြန်နှင့် ခေါင်းဆေးမင်္ဂလာ

တန်ခူးလတွင် ရှေးမြန်မာမင်းများလက်ထက်က သင်္ကြန်ခေါ်ပွဲ၊ ခေါင်းဆေးမင်္ဂလာ ဆင်ယင်ကျင်းပပွဲ၊ ရေဖျန်းသဘင်ခံယူပွဲတို့ကို အလေးအမြတ်ထား ကျင်းပခဲ့ကြသည်။ ဦးခေါင်းဆေး မင်္ဂလာပြုရခြင်းမှာ မိမိတို့ ကိုယ်အင်္ဂါတွင် ဦးခေါင်းသည် အမြင့်မြတ်ဆုံးဖြစ်ပြီး ဦးခေါင်းတွင် နှစ်ဟောင်းမှ ကပ်ငြိသော အညစ်အကြေး၊ ကံဆိုးကံညံ့နှင့် မကောင်းမှု ဒုစရိုက်အားလုံး နှစ်သစ် တွင်ပါမလာစေရန် ဦးခေါင်းကို စင်ကြယ်စွာ ဆေးကြောခြင်းဖြင့် နှစ်သစ်ကို ကုသိုလ်စိတ်ဖြင့် ကြိုဆိုကြခြင်း ဖြစ်ပါသည်။ လူအများစုက နှစ်ဆန်း တစ်ရက်နေ့မှာ ခေါင်းလျှော်ရမည်ဟု အစွဲရှိကြသည်။ သို့သော် မဟာသင်္ကြန်နှင့် ခေါင်းဆေးမင်္ဂလာ ရက်မြတ် သတ်မှတ်ရွေးချယ် နည်းကို သိသူနည်းသည်။ မဟာသင်္ကြန် သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ ဗသျှူးသင်္ကြန်၊ အာရာမသင်္ကြန်နှင့် သမန္တသင်္ကြန်တို့ ဖြစ်ကြသည်။ ဗသျှူးသင်္ကြန်တွင် သင်္ကြန်မဝင်မီ ဦးခေါင်းဆေးရမည်ဖြစ်ပြီး အာရာမသင်္ကြန်တွင် သင်္ကြန်ဝင်ဆဲတွင် ဦးခေါင်းဆေး မင်္ဂလာကို ပြုရမည်ဖြစ်ကာ သမန္တသင်္ကြန်သည် သင်္ကြန်ကျအပြီး ၂၄ နာရီအတွင်း ဦးခေါင်းဆေး မင်္ဂလာကို ပြုရမည်ဟု ရှေးပညာရှိကဝိများက သတ်မှတ်ထားသည်။

ခါသင်္ကြန်ရိုးရာ အစားအစာများ

သင်္ကြန်ကာလတွင် တစ်ဦးနှင့်တစ်ဦး မြူးထူးပျော်ရွှင်စွာ ရေစင်ဖျန်းပက်ကစားကြရာ၌ မငြူစူ ကြည်ဖြူစွာ ရေကစားကြခြင်းက ချစ်စရာကောင်းလှသည့် မြန်မာ့ရိုးရာဓလေ့တစ်ရပ် ဖြစ်ပါ သည်။ ထို့အတူ ရပ်တကာ၊ နယ်တကာတွင် သူသူငါငါ လူတကာကို စတုဒိသာ ကျွေးမွေး ဧည့်ခံကြသည်ကလည်း ကြည်နူးစရာ ရှေးအစဉ်အလာ ဒါနတစ်ခုဖြစ်သည်။ သင်္ကြန်အခါသမယ တွင် အုန်းလက်နှင့် တမာခက်များ မိုးကာထားသော သင်္ကြန်မဏ္ဍပ်အတွင်း ဒါနအမှုပြုလေ့ရှိကြ သည့် သင်္ကြန်ထမင်း၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်၊ ပေါင်မုန့်အုန်းနို့ဆမ်း စသည့်မြန်မာ့ရိုးရာ အစားအစာများက ခါသင်္ကြန်ဖြင့် လိုက်လျောညီထွေ ရှိလှသည်။ ဝါသနာပါသူများကလည်း အစဉ်အလာမပျက် မိမိနေအိမ်တွင် သင်္ကြန်အစားအစာများကို ပြုလုပ်၍ အိမ်နီးချင်း မိတ်ဆွေများကို ဝေငှလှူမျှကြသည်က အရိုးပေါ် အရွက်မဖုံးသည့် ချစ်စရာ့ဓလေ့ ဖြစ်ပါသည်။ အကယ်၍ မုန့်လုံးရေပေါ်ထဲတွင် အပျော်သဘောအနေဖြင့် ငရုတ်သီးစိမ်းတောင့် ဝါးမိခဲ့လျှင် “ကံဆိုးသူ မောင်ရှင်” လို့ မယူဆဘဲ Capsaicin၊ Capsanthin နှင့် Capsorubin စသည့် အယ်လ်ကာလီဓာတ်ပေါင်းစုများ ရရှိစေသည့် အတွက် ဦးနှောက်ကို တက်ကြွလန်းဆန်းစေသည်၊ တစ်နှစ်ပတ်လုံး ကျန်းမာရေးကောင်းစေသည်ဟု အကောင်းမြင်ဘက်က ရှုကြစေလိုပါသည်။

တန်ခူးလရာသီ ကံ့ကော်ပန်း

တန်ခူးလသည် ရှေးကာလ ပေါရာဏ ဝေါဟာရအဆိုအရ အညာဒေသ၌ ထန်းဖူးသည်ကို အကြောင်းပြု၍ ထန်းခူးလမှ တန်ခူးလဟု ပြောင်းလဲလာခဲ့ကြောင်း လေ့လာသိရှိရသည်။ တန်ခူးလ၌ ကျီးတာရာနက္ခတ်သောက်ရှူးတောက်ပပြီး ရာသီပန်းမှာ ကံ့ကော်ပန်း ဖြစ်ပါသည်။ ရှေးအခါက နန်းတွင်းသူများသည် ကံ့ကော်ပန်းကို တယုတယပန်ဆင်ကြသဖြင့်လည်း တန်ခူးလ တော်ဝင်ပန်းအဖြစ် သတ်မှတ်ခဲ့ကြောင်း မှတ်သားရပါသည်။ စွယ်တော်ပန်းနှင့် ရင်ခတ်ပန်းတို့ ကလည်း တန်ခူးလကို အားဖြည့်ပေးကြသလို ပိတောက်ပန်းနှင့် ငုပန်း ဝါဝါထိန်ထိန်တို့ကလည်း ရာသီခွင်တွင် အားပြိုင်ထားကြသည်။ ထို့ကြောင့် မြန်မာ့ဆယ့်နှစ်လ၏ ပထမဆုံးလဖြစ်သော တန်ခူး လကို ပန်းမျိုးစုံဖူးငုံပွင့်သောလ၊ သာယာကြည်နူး ဖွယ်ကောင်းသောလဟူ၍ ကဗျာလ င်္ကာအမျိုးမျိုး ဖွဲ့ဆိုကြသည်။ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း၏ သက်ကြီပူဇော်ခံ စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့၏ ရသမွှေးထုံ စာပန်းရဂုံစာအုပ် ထဲတွင် နှောင်းလူများ သိစေရန်အတွက် သာယာလှပ ဆယ့်နှစ်လရာသီမှ “တန်ခူးလ” အကြောင်းကို ယခုလို ကဗျာဖွဲ့သီထားပါသည်။
ပထမဆုံးလအမည် တန်ခူးမည်ပါသည်

နှစ်ဟောင်းကုန်ပြီ နှစ်သစ်သို့

ကူးပြောင်းကြပါစို့။

သင်္ကြန်ရက်မို့ ရေပက်ပျော်

ငုပန်းပိတောက်၊ ရွှေကံ့ကော်

မုန့်လုံးရေပေါ် ရွှေရင်အေး

လာပါစားပါ ယဉ်ယဉ်ကျေး

မြန်မာတို့ရဲ့ နှစ်ကူးတေး

တူးပို့ဟစ်ခါကြွေး၊ အေး … အဟေးဟေး၊

အေး … အဟေးဟေး။

ကံ့ကော်အကြောင်း သိကောင်းစရာ

ကံ့ကော်ကို အင်္ဂလိပ်အမည်အားဖြင့် Cobra’s Saffron ဟု ခေါ်သည်။ Guttiferae ကံ့ကော် မျိုးရင်းဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Mesua ferrea Linn ဖြစ်သည်။ အမြဲစိမ်းပင်ကြီးမျိုးဖြစ်သည်။ ပင်စည် ဖြောင့်မတ်၍ အခေါက်ကြမ်းသည်။ အကိုင်းအခက် များစွာဖြာသည်။ အပွင့်မှာ တစ်ပွင့်တည်း (သို့မ ဟုတ်) စုပွင့်သည်။ အချင်း ၁-၃ လက်မထိရှိပြီး ပွင့်ဖတ်အဖြူရောင် ရှိသည်။ အလယ်တွင် ဝါ၍မွှေးသော ဝတ်ဆံတို့သည် တစုတဝေးတည်း လုံးထွေး နေသည်။ တပို့တွဲလမှ တန်ခူးလအတွင်းပွင့်သည်။ အသီးသည် အနည်းငယ်ထိပ်ချွန်၍ လုံးဝိုင်းသည်။ အရွယ်အစား အမျိုးမျိုးရှိသည်။ အခြေကိုတည်မြဲနေသော ပွင့်ဖတ်ဖြင့် ဝန်းရံထားသည်။ ကဆုန်နှင့် နယုန်လ တွင် သီးသည်။ အစေ့မှာ ၁-၄ စေ့အထိ ပါရှိသည်။ ကံ့ကော်ပင်တို့ကို မြန်မာနိုင်ငံအနှံ့အပြား တွင် တွေ့ရတတ်ပြီး အထူးသဖြင့် တနင်္သာရီတိုင်း ဒေသကြီးတွင် တွေ့နိုင်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။ အမြဲစိမ်းလန်းသောသစ်တောများတွင် အမြင့်ပေ ၃၅၀၀ အထိ ပေါက်ရောက်သည်။ ဥယျာဉ်ခြံများတွင်လည်း အလှစိုက်ပျိုးကြသည်။

အဖြူရောင်ပွင့်ချပ်လေးပေါ် ရွှေမှုန်ရောင် ဝတ်ဆံလေးများနှင့် ကံ့ကော်ပန်းက နှစ်သက်စရာ ကောင်းလှသလို ရနံ့သင်းလှသည့်အတွက် အမျိုးသမီးတိုင်း နှစ်သက်ကြသည်။ ပန်းခြောက် သွားသောအခါတွင်လည်း ကံ့ကော်ဝတ်ဆံလေးများကို တခုတ်တရသိမ်းထားကာ သနပ်ခါး သွေးရာတွင် ၎င်းဝတ်ဆံလေးများ ထည့်၍ သနပ်ခါးလိမ်းကြသည်။ အပွင့်၊ ဝတ်ဆံ၊ အစေ့၊ အမြစ်၊ အခေါက်၊ အဆီအားလုံး ဆေးဖက်ဝင်သည်။ မြန်မာ့ ဆေးကျမ်းများအလိုအရ ကံ့ကော်သည် အစာကိုကြေစေသည်၊ အရောင်အဆင်းကို ဖြစ်စေသည်။ သွေးဖောက်ပြန်ခြင်း၊ နှလုံးနာကျင်ခြင်း၊ အဆိပ်သင့်ခြင်း၊ ဆီးအိမ် နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းတို့ကို ပျောက်စေ၍ အားကြွစေသည်ဟု ဆိုထားသည်။

အချုပ်အားဖြင့်ဆိုသော် သင်္ကြန်မိုးကိုကြိုဆိုသည့် ရေသဘင်ပွဲသည် မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ “ဒြပ်မဲ့ယဉ်ကျေးမှု” တစ်ခု ဖြစ်ပါသည်။ နှစ်သစ်ကူးမင်္ဂလာအခါတော်တွင် တစ်ဦးနှင့်တစ်ဦး ကြည်ကြည်နူးနူး ရေပက်ကစားကြကာ သင်္ကြန်ရေက အေးမြကြည်လင်စေခြင်း၊ အညစ်အကြေးကို ဆေးကြောပေးခြင်းနှင့် ရေကိုသား၍ အကြားမထင်ဘဲ ဆက်စပ်နေခြင်း ဖြစ်ပါသည်။ ထို့ပြင် ဗုဒ္ဓဘာသာနွယ်ဝင် မြန်မာလူမျိုးတို့သည် အတာသင်္ကြန်တွင် ရိုးရာ ယဉ်ကျေးမှု စရိုက်လက္ခဏာကို စောင့်ထိန်းကာ ပျော်ရွှင်စွာရေကစားကြရင်း၊ ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာပျော်ရွှင်စွာ မင်္ဂလာနှစ်သစ်ကို ကြိုဆိုကြပါစို့။ ။

No comments:

Post a Comment