Saturday, April 9, 2022

မြန်မာနိုင်ငံသို့ အာဆီယံ AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်မည့်ကိစ္စ မြန်မာလုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၈

မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) မှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီ ပေးအပ်မည့်ကိစ္စ မြန်မာလုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

အစည်းအဝေးကို လုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်၍ ကျင်းပခဲ့ပြီး လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌများ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ အာဆီယံ၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ဒုတိယအဆင့်ပေးအပ်ရေးဆိုင်ရာ Con-sultative Meeting ကျင်းပမည့် ကိစ္စနှင့် ဒုတိယအဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဖြန့်ဝေရာတွင် အမှန်တကယ် လိုအပ်နေသည့် ပြည်သူများ ထံသို့ အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးပေးဝေနိုင်ရေး ကိစ္စများအတွက် လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့၏ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးများ နှင့် အဖွဲ့ဝင်များက အာဆီယံ၏ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ဒုတိယအဆင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများအပေါ် အမြင်ချင်းဖလှယ် အကြံပြု ဆွေးနွေးကြသည်။

သတင်းစဉ်

No comments:

Post a Comment